ဝက်လက်နယ်က မီးဘေးသင့်သူတွေဟာ ပြန်လည်ထူထောင်ဖို့အတွက် ရှေးဟောင်းပစ္စည်းရှာဖွေတာကို အားပြု လုပ်ကိုင်နေရ

ဇူလိုင် ၊ ၁၆-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်ထဲက နေအိမ်တွေ မီးရှို့ခံရတဲ့ ဒေသခံတွေဟာ သူတို့ဘဝကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေရတဲ့အလုပ်ကို အားပြုလုပ်ကိုင်နေရတယ်လို့ ဝက်လက်နယ် မီးဘေးသင့်ဒေသခံတွေဆီက သိရပါတယ်။

” မီးရှို့ခံလိုက်ရတဲ့အိမ်က လွန်ခဲ့တဲ့ ၉ နှစ်ကျော်က ဆောက်ခဲ့တာ သိန်း ၄၀ ကျော်ကုန်တယ် ၊ အခုခေတ် စျေးနူန်းနဲ့ဆို အဲ့ဒီထက် ၂ ဆလောက်ပိုကုန်မယ် ၊ အလုပ်အကိုင်ကလည်း မရှိ ၊ ဝင်ငွေကလည်း မရှိ ၊ ရှိတာတွေလည်း မီးလောင်ကုန်တော့ စားဝတ်နေရေးကို အရင်လို ဘဝ ပြန်ရောက်ဖို့ ရှေးဟောင်းပစ္စည်းတူးတာပဲ အားကိုးနေရတယ် “လို့ မင်းရွာက အိမ်မီးရှို့ခံရတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ မြောက်ထန်းကြီး ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်း တူးဖော်ရှာဖွေနေတဲ့ ဒေသခံတယောက်က ” ကံပေးသလောက်ရတယ် ၊ ကံပေးလို့ရှိရင် ချက်ချင်းငွေပေါ်တယ် ၊ ပစ္စည်းဝယ်မယ့်သူက အသင့်ရှိနေတယ် ၊ လူတိုင်း တခုမဟုတ် တခုတော့ ရကြတယ် ၊ များတာနဲ့ နည်းတာပဲကွာတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်း ရှာဖွေတူးဖော်နေတဲ့ လုပ်ကွက်တွေမှာ ပစ္စည်းလိုက်လံဝယ်ယူနေတဲ့ ဝယ်လက်တယောက်ကလည်း ” ပစ္စည်းဝယ်ရတာ အပိုင်း ၂ ပိုင်းရှိတယ် ၊ အန်းတစ် လိုင်းနဲ့ ရတနာလိုင်း ဖြစ်တယ် ၊ အန်းတစ် လိုင်းကတော့ အိုး ၊ အရိုး ၊ ပုတီးစေ့ နဲ့ အခြား ပစ္စည်းတွေဖြစ်တယ် ၊ ရတနာလိုင်းကတော့ ရွှေထည် ပစ္စည်း ၊ စိန်ထည်ပစ္စည်းအမျိုးမျိုးနဲ့ ကျောက်မျက်တွေဖြစ်တယ် ၊ အန်းတစ် လိုင်းမှာ ရှေးခေတ် ပျူလူမျိုးတွေရဲ့သွားက အရှည် ၂ လက်မအရွယ်အစားရှိတယ် ၊ သွား ၁ ချောင်းရဲ့ စျေးနူန်းက ၁ သောင်းစျေးပေါက်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေ တူးဖော်နေကြတဲ့ နေရာဟာ ပြီးခဲ့တဲ့ ၂ လဝန်းကျင် ၊ မိုးကျချိန်က မိုးရေနဲ့တိုက်စားပြီး မြေပေါ်မှာ ပေါ်လာတဲ့ ရွှေတို၊ငွေစတွေ ရရာကနေ လူသိများလာပြီး အခုတော့ တနယ်လုံးကနေ လာတူးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

” ပစ္စည်းတွေက ရကြတယ် ၊ ဒါပေမယ့် ဒီ ပစ္စည်းတွေက ဒဏ္ဍာရီဆန်နေတယ် ၊ ပြီးခဲ့တဲ့ ၈ ရက်လောက်က ရွှေဘယက် ၁ ခုရတယ် ၊ ဝယ်တဲ့သူက သေခြာစစ်ဆေးပြီးတော့ နေရာမှာတင် သိန်း ၄၀ ပေးတယ် ၊ ပိုမရောင်းဘူး ၊ တညအိပ်ပြီး နောက်တနေ့ နေ့လယ်ပိုင်းရောက်တော့ မနေ့ကပေးတဲ့ စျေးအတိုင်း ရောင်းမယ်ဆိုရော အဲ့ဒီ ရွှေဘယက်က ရွှေမဟုတ်တော့ဘဲ ဒန်ဘယက်ဖြစ်နေတယ် “လို့ ရွှေဘယက်ရရှိခဲ့သူ ကာယကံရှင်က ပြောပြပါတယ်။

ဒါ့အပြင် အခြားရွှေထည်းပစ္စည်းတွေနဲ့ ကျောက်မျက်ရတနာ ရရှိတဲ့သူတွေဟာလည်း ပေးစျေးနဲ့ အရောင်းအဝယ် မလုပ်ဘဲ အိမ်ကိုယူဆောင်သွားတဲ့အခါ ထိတ်လန့်ဖွယ်ရာ ၊ အိမ်မက်တွေပေးပြီး ရရှိထားတဲ့ပစ္စည်းတွေဟာ ပြောင်းလဲသွားတာမျိုးတွေ ဖြစ်တယ်လို့ ကာယကံရှင် တချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

ရရှိလာတဲ့ ရှေးဟောင်းပစ္စည်းတွေ အရောင်ပြောင်းတာ ၊ အမျိုးအစားပြောင်းတာတွေ ဖြစ်တာနဲ့ ပတ်သက်ပြီး မုံရွာ မဟာလယ်တီ ပါဠိတက္ကသိုလ်ကျောင်းမှာ သီတင်းသုံး ဝါဆိုနေတဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတပါးက ” ဘုရားပွင့်တော်မမူမီနဲ့ ဘုရားပွင့်ပြီး နောက်ပိုင်းကာလတွေမှာ သဘာဝဘေးကြောင့် ရွာပျက်တယ် ၊ စစ်ဘေး မင်းဘေးကြောင့် ရွာပျက်တယ် ၊ အဲ့ဒီလို ရွာပျက်တွေက လူတွေဟာ စုဝေးပြီး ရွာသစ်ပြန်တည်တဲ့အခါ ၊ တည်မယ့်နေရာကို အရင်ဆုံး သစ္စာဆိုကြတယ် ၊ ရွာပျက်တော့မယ် ဆိုရင်လည်း ရွာသားတွေက သစ္စာပြုကြတယ် ၊ အဲ့ဒီလို သစ္စာပြုထားတဲ့ နယ်မြေတွေက ပစ္စည်းဉစ္စာ မှန်သမျှဟာ သစ္စာနဲ့ပဲ တည်မြဲတယ် ၊ သစ္စာမဲ့ရင် ပစ္စည်းမဲ့တာ ၊ အရောင်မဲ့တာ ၊ အမျိုးအစား မဲ့တာ ရုတ်ချည်းပြောင်းလဲ ဖြစ်တတ်တယ် “လို့ မိန့်တော်မူပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေတွေ့ရတဲ့ နေရာဟာ ပျူခေတ်ယဥ်ကျေးမှု ထွန်းကားရာ ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ် စာရင်းဝင် ဟံလင်းမြို့ဟောင်းတည်ရှိတဲ့ နေရာဒေသဝန်းကျင်မှာ ရှိတာလို့ သိရပါတယ်။

အဲ့ဒါကြောင့် ဝက်လက်မြို့နယ်မှာ မီးဘေးသင့်ခံရတဲ့ ရွာပေါင်း ၂၀ ဝန်းကျင်က မီးဘေးဒုက္ခသည်တွေဟာ သူတို့ဘဝ ပြန်လည်ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွားနားက ယာကွက်တွေထဲမှာ ရှေးဟောင်း ပစ္စည်းတွေ ရှာဖွေနေရတာလည်ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝက်လက်

Related posts

Leave a Comment

VOM News

FREE
VIEW