ယူကရိန်းမှာ ထိုးစစ်နောက်တဆင့်ပြုလုပ်ဖို့ ရုရှားပြင်ဆင်နေ

ကိယက်ဗ်၊ ဇူလိုင်-၁၇-၂၀၂၂
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းမှာ ထိုးစစ်နောက်တဆင့် ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ယူကရိန်းစစ်ဘက် တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းက စစ်ဆင်ရေးဒေသအားလုံးမှာ သူ့ရဲ့စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ရုရှားက ထုတ်ဖော်ပြောဆိုပြီးနောက် ယူကရိန်းတာ၀န်ရှိသူတွေက အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

မကြာသေးမီရက်တွေအတွင်းကလည်း ယူကရိန်းမြို့ကြီးတွေကို ရုရှားက ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး လူဒါဇင်များစွာ သေဆုံးခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါဟာ ဝေဟင်နဲ့ ပင်လယ်ပြင်ကနေ တိုက်ခိုက်မှုတင်မကပါဘူး။ ရှေ့တန်းတလျှောက် ဆက်သွယ်မှုလမ်းကြောင်းတွေကိုလည်း တိုက်ခိုက်မှုတွေ ရုရှားကလုပ်နေပြီး နည်းဗျူဟာမြောက် လေကြောင်းနဲ့ ရဟတ်ယာဉ်တွေကိုပါ အသုံးပြုလာနေတယ်လို့ယူကရိန်းစစ်ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ Vadym Skibitskyi ကပြောပါတယ်။

ရှေ့တန်းတလျှောက်မှာလည်း ရုရှား
တပ်တွေရဲ့လှုပ်ရှားမှုတွေ တိုးလာနေပြီး ဒါဟာ ထိုးစစ်နောက်တဆင့်အတွက် ပြင်ဆင်နေတယ်ဆိုတာရှင်းနေကြောင်း၊ နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသမှာ ယူကရိန်းက ထိန်းချုပ်ထားတဲ့ အရေးပါတဲ့ Sloviansk မြို့ကို ထိုးစစ်ဆင်ဖို့ ရုရှားတပ်တွေ ပြန်လည်စုဖွဲ့နေတယ်လို့ ယူကရိန်စစ်ဘက်ကပြောပါတယ်။

ရုရှားဟာ ယူကရိန်းတောင်ပိုင်းမှာ သိမ်းပိုက်ထားတဲ့နယ်မြေတွေမှာ သူ့ရဲ့ ခံစစ်စခန်းတွေကိုလည်း အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေကြောင်း ဗြိတိန်ကာကွယ်ရေး၀န်ကြီးဌာနကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:Reuters
Photo: Reuters

#voiceofmyanmar #VOM #ယူကရိန်း #ရုရှား #ကမ္ဘာ့သတင်း

Related posts

Leave a Comment

VOM News

FREE
VIEW