ဒေါ်လာဈေးဂယက်ကြောင့် ဆန်၊ ဆေး၊ အခြေခံစားသောက်ကုန်နဲ့အသားငါးစျေး အကုန်မြင့်တက်သွား

ဇူလိူင် ၂၇-၂၀၂၂
GG(VOM)

ဒေါ်လာဈေးထိန်းချုပ်မှုတွေကြောင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းတွေ စျေးနူန်းမြင့်တက်သွားတယ်လို့ ဆန်ရောင်းချသူတွေနဲ့စားသုံးသူတွေဆီကသိရပါတယ်။

” စျေးကတော့ရောင်းရမှာတောင် ခပ်လန့်လန့်ပါ။ဆန်စျေးတက်လို့ ကျနော်တို့လည်း ပိုမမြတ်ဘူး အရင်းများသွားတာပဲရှိတယ်။စားသုံးသူလည်း အရမ်းဝန်ကြီးသွားစေတယ်။အရင်က ပေါ်ဆန်အကောင်းဆုံးမှ ၇၂၀၀၀ ရယ်၊ အခုက ၉၀၀၀၀ နားကပ်နေပြီ ” လို့ ဆန်ရောင်းချနေသူတဦးကပြောပါတယ်။

ရွှေဘိုပေါ်ဆန်းမွှေး ထူးရှယ် ၂၄ ပြည် တအိပ်ကို အရင် ၇၄၀၀၀ လောက်ကနေ လက်ရှိမှာ ၈၇၀၀၀ ကျပ်အထိ မြင့်တက်သွားတာဖြစ်ပါတယ်။

ဆန်တအိတ်ကို ၁၃၀၀၀ ကျပ်မြင့်တက်သွားတာဖြစ်ပြီး ကျန်တဲ့ ဆန်အမျိုးအစားတွေလည်း စျေးအနည်းငယ်တက်ပေမယ့် ရွှေဘိုပေါ်ဆန်းက အမြင့်ဆုံး တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ရွှေဘိုဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးမှုကို အရင်နှစ်တွေကလို ပုံမှန်အတိုင်းမလုပ်နိုင်တာကြောင့် ဆန်ရှားပါးနေတာဖြစ်တယ်လို့ သိရပါတယ်။

” ဒီဘက်မှာ ရွာတွေမှာ စပါးတွေစိုက်ပျိုးမှု အရင်လိုမရဘူးလေ။တိုက်ပွဲဖြစ်တော့ ရွာကနေထွက်ပြေးရတယ်၊စပါးမစိုက်နိုင်တာရော စိုက်ပြီးဂရုမစိုက်နိုင်တာရောအကုန်ပေါ့။အဲ့ဒီတော့ ရွှေဘိုပေါ်ဆန်းက အခုကျ ပြတ်မယ့်အနေအထားမျိုးထိ ရှိနိုင်တယ်။ ဒါပေမယ့် ဒီဇင်ဘာလောက်ဆို အသစ်တွေပေါ်ပါတယ်။ ရွှေဘိုအပြင် တခြားဆန်ကောင်းတွေလည်းရှိပါတယ်။ ရွှေဘိုနဲ့တခြားဆန် ရောစားတာမျိုးလည်း လုပ်လို့ရတယ် ” လို့ ရွှေဘိုက ဆန်​ရောင်းဝယ်ရေးလုပ်ကိုင်သူကပြောပါတယ်။

ဆန်အပြင် အသားငါးစျေးတွေလည်း မြင့်တက်သလို ကြက်သွန်နီစျေးကလည်း ၂၂၀၀ အထိ မြင့်တက်နေပါတယ် ။

ဒါ့အပြက် ကြက်သား ၁ ပိသာ ကို ၁သောင်းကျပ် ၊ ငါး တပိသာကို ၁ သောင်း ကျပ်၊ ကြက်ဥတလုံးကို ၂၀၀ ကျပ် ၊ စားအုန်းဆီစျေးကလည်း တာဝန်ရှိသူတွေက ၃၆၀၀ ကျပ်နဲ့ရောင်းချနေတယ်ဆိုပေမယ့် ပြင်ပအရောင်းဆိုင်တွေမှာတော့ တပိသာကို ၉၀၀၀ ကျပ်အထိ မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

” တက်တာကတော့အကုန်ပဲ။ကော်ဖီမစ်၁၀၀တန်က ၁၅၀ ဖြစ်တယ်။ အရင်က ၁၀၀တန် ပစ္စည်းတွေအကုန် ၁၅၀ ဖြစ်ကုန်ပြီ၊ ကြက်သွန်နီ ဆိုရင် အခု ၁ပိဿာစျေးက အရင်ကဆို ၅ ပိသာရတယ်။ ဆီဆိုလည်း အခုထိ ၉၀၀၀ ကမကျဘူး ။ ​အသားငါးဆိုလည်း အကုန်တက်။ မတက်တာ လုပ်အားခပဲရှိတယ် “လို့ စားသုံးသူပြည်သူတဦးကပြောပါတယ်။

ဒါ့အပြင် အိမ်သုံးအခြေခံဆေးဝါးတွေနဲ့ အရေးကြီးဆေးဝါးအချို့လည်း စျေးနူန်းတက်သွားပြီး ဆေးဆိုင်တွေမှာ အလုအယက် ဝယ်ယူနေကြတာကြောင့် တန်းစီစောင့်ဆိုင်းရတဲ့အထိ ဖြစ်နေပါတယ်။

ဒေါ်လာစျေး အသုံးပြုခွင့်ကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ဇူလိူင်လထဲမှာ ဆက်တိုက်ဆိုသလို ထုတ်ပြန်ချက်တွေ ထုတ်လိုက်ပြီးနောက်ပိုင်းမှာ ဆန်အပါအဝင် ဆေးပစ္စည်း၊အခြေခံစားသောက်ကုန်စျေးတွေသိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးကလည်း မနေ့ ဇူလိုင် ၂၆ရက်ညနေပိုင်းမှာ ၂၃သိန်းကျော်ထိ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် စက်သုံးဆီ စျေးကတော့ 92 က ၁၆၉၀ အထိပြန်ကျသွားပြီး 95 တလီတာကို ၁၇၃၀ ကျော်အထိ စျေးကျသွားပါတယ်။

#voiceofmyanmar #VOM #ဒေါ်လာဈေးဂယက် #အခြေခံစားသောက်ကုန် #အကုန်မြင့်တက်သွား

Related posts

Leave a Comment

VOM News

FREE
VIEW