ပေါက်မြို့နယ်မှာ ကလေးငယ် ၄ ဦးနဲ့ လူကြီး ၃ ဦး မီးရှို့သတ်ခံရ

ဇူလိုင် ၊ ၂၆ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ တပ်ကုန်းရွာမှာ ဒီကနေ့မနက် အစောပိုင်းက ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပြီး လူနေအိမ်နဲ့ အဆောက်အဦတချို့ မီးရှို့ခံရကာ အဲ့ဒီ မီးလောင်ပြင်ကြားက မီးလောင်သေဆုံးနေတဲ့ ကလေး ရုပ်အလောင်း ၄ လောင်းနဲ့ လူကြီး ရုပ်အလောင်း ၃ လောင်း တွေ့ခဲ့ရတယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အသက် ၁၀ နှစ်အောက်အရွယ် ကလေး ၄ ယောက်က မီးရှို့သတ်ခံထားရတာပါ ၊ အသက် ၃၀ ဝန်ကျင် အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက်က ကျည်ဆံထိမှန် သေဆုံးနေတာ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

သေဆုံးသူ အမျိုးသား ၂ ယောက်ဟာ ကျေးရွာပြည်သူ့စစ်တွေဖြစ်ကြပြီး အမျိုးသမီး ၁ ယောက်ကတော့ သာမန် အရပ်သားတွေဖြစ်ကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

” ဒီမနက် အစောပိုင်း ၆ နာရီကျော်လောက်က ရွာကို လူ ၅ ရာလောက်က ဝိုင်းထားပြီး ပြည်သူ့စစ်တွေနဲ့ ပစ်ကြတယ် ၊ ပြည်သူ့စစ်က ၂ ယောက်ကျတယ် ၊ သေနတ် ၁ လက် ၊ ကျည်ဆံ ၂၄ တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ပျောက်နေတယ် ၊ အဲ့ဒိအပြင် အခြားကျည်ဆံ ၇၀ နီးပါးလည်း ပျောက်နေတယ် ” လို့ တပ်ကုန်းရွာခံ ပြည်သူ့စစ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အခင်းဖြစ်ပွားပြီး ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ တပ်ကုန်းရွာဘက်ကို စစ်ကားတွေ သွားရောက်နေတာ မြင်တွေ့ရတယ်လို့လည်း ဒေသခံတချို့ရဲ့ပြောပြချက်အရ သိရပါတယ်။

မီးရှိူ့သတ်ဖြတ်သွားတာဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

#voiceofmyanmar #VOM #ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW