မြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှု ကုလသမဂ္ဂ ၊ အီးယူနဲ့ ၈ နိုင်ငံအပြင် အာဆီယံကပါ ရှုတ်ချ ၊ ဒဏ်ခတ်အရေးယူမှုတွေ ထပ်လုပ်မယ်လို့ အမေရိကန်ပြော

ဝါရှင်တန်၊ ဇူလိုင်-၂၆-၂၀၂၂
မျိုးဆက်(VOM)

ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို လုပ်ထုံးလုပ်နည်း အတိုင်းပြစ်ဒဏ် စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပြီးနောက် ဒီလိုတရားစီရင်မှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့အပြင် အိမ်နီးချင်းအာဆီယံနိုင်ငံတွေကပါ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီလိုစီရင်တာဟာ မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို လျစ်လျူရှုတာဖြစ်ကြောင်း ဥရောပသမဂ္ဂနဲ့ (၈)နိုင်ငံရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ဒီလိုက်ကွပ်မျက်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ နောက်ထပ်အစီအမံတွေကို ထည့်သွင်းစဉ်းစားနေတဲ့အတွက် ရွေးချယ်စရာနည်းလမ်းတွေအားလုံး စားပွဲဝိုင်းပေါ်မှာရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေကလည်း ဒီကိစ္စအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေလျှော့နိုင်ဖို့ အာဆီယံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံ၀န်ကြီးများအစည်းအဝေးမတိုင်ခင်မှာ အခုလိုစီရင်လိုက်တာဟာ လွန်စွာပြစ်တင်ရှုတ်ချဖွယ်ဖြစ်ပြီး ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုပြီး အာဆီယံရဲ့ မြန်မာ့အရေး ငြိမ်းချမ်းရေးအစီအစဉ်ကို မြန်မာအာဏာပိုင်တွေက ထောက်ခံအကောင်အထည်ဖော်ဖို့ ဆန္ဒကင်းမဲ့တယ်ဆိုတာကို ပြသလိုက်တာလို့ အာဆီယံအလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW