ရွှေဘိုပေါ်ဆန်း အပါအ၀င် ဆန် ၄ မျိုးကို ပြင်ပပေါက်စျေးထက်လျှော့ချပြီး ရောင်းပေးမယ်

သြဂုတ် ၂-၂၀၂၂
VOM (GG)

ရန်ကုန်မြို့ ၊လမ်းမတော်မြို့နယ် ၊ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တည်ရှိရာ ၊ ဝါးတန်းဆိပ်ကမ်းနယ်မြေမှာ ဆန် အမျိုးအစား ၄ မျိုးကို တစ်အိတ် အနည်းဆုံး ၃၅၀၀၀ ကနေ အမြင့်ဆုံး ပေါ်ဆန်းမွှေးကို ၇၇၀၀၀ ကျပ် နဲ့ သြဂုတ် ၃ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။

ရောင်းချပေးမယ့် ဆန်တွေကတော့ ရွှေဘိုပေါ်ဆန်း ၇၅၀၀၀ ကနေ ၇၇၀၀၀ ၊ ကျားပျံက ၅၅၀၀၀ ကနေ ၆၀၀၀၀ ၊ဧရာဝတီပေါ်ဆန်းက ၅၂၀၀၀ ကနေ ၅၅၀၀၀ ၊ ရက် ၉၀ ဆန်က ၃၅၀၀၀ ကနေ ၃၇၀၀၀ ကျပ်နဲ့ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

” ဆန်စျေးတွေတက်နေတော့ အဆင်ပြေအောင် ရောင်းပေးတဲ့သဘောပါ။ ၃ ရက်နေ့ကစပြီး မနက် ၉ နာရီကနေ ၃ နာရီအတွင်းရောင်းပေးမှာပါ။ ရန်ကုန်မှာ ရောင်းပေးမှာပါ “လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အသင်းဝင် ဆန်လုပ်ငန်းရှင်တဦးကပြောပါတယ်။

အခုလို ဆန်ရောင်းချမယ့်အစီအစဥ်မှာ ပြန်ရောင်းမယ့် ကုန်သည်တွေနဲ့ လက်လီသမားတွေကို ရောင်းချပေးမှာမဟုတ်ဘဲ အမှန်တကယ် လိုအပ်တဲ့ စားသုံးသူပြည်သူတွေကိုသာ အိမ်ထောင်စုတစု ဆန်တအိတ်နူန်းရောင်းပေးမှာဖြစ်ကြောင်း ၊ ရောင်းချပေးမယ့် ဆန်တွေကလည်း အရည်အသွေးကောင်းပြီး ပစ္စည်းမှန်၊စျေးမှန်၊ အလေးချိန်မှန်နဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဆန်​ရောင်းချတဲ့ အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း) နဲ့ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့က ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြင်ပပေါက်စျေးကတော့ ရွေဘိုပေါ်ဆန်း ထူးရှယ် ၂၄ ပြည် ၁အိတ်ကို အမြင့်ဆုံး ၉၀၀၀၀ ကျပ်အထိ ရှိနေပြီး ကျားပျံက ၆၂၅၀၀ ၊ ရက် ၉၀ ဆန်က ၃၈၀၀၀ ကနေ ၃၉၅၀၀ ကျပ် ၊ဧရာဝတီပေါ်ဆန်းက ၆၂၀၀၀ ကျပ်ရှိတယ်လို့ ဆန်ရောင်းဝယ်ရေးလုပ်ငန်းတွေဆီကသိရပါတယ်။

#voiceofmyanmar #VOM #ဆန်၄မျိုး #ပြင်ပပေါက်စျေးထက်လျှော့ချပြီး #ရောင်းပေးမယ်

Related posts

Leave a Comment

VOM News

FREE
VIEW