ဒီပဲယင်းနယ်ဘက်မှာ ဒေသခံရွာသား ၄၀ နီးပါး ပျောက်ဆုံးနေ


သြဂုတ် ၊ ၈ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာ ၅ ခုကို အခုလ ၆ ရက်ကစလို့ ထိတွေ့တိုက်ပွဲတွေအတွင်း ဒေသခံရွာသား ၄၀ နီးပါး ဒီကနေ့အထိ ပျောက်ဆုံးနေတယ်လို့ ဒီပဲယင်းမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ လူတွေပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ ဒီပဲယင်းနယ်ခံ တယောက်က ” လျှော်ဖြူရွာမှာက ၁၄ ဦး၊ နဂါးဘိုရွာမှာက ၁၂ ဦး၊ အင်ပင်ကြီးရွာမှာက ၉ ဦး၊ ရွာဒင်ရွာမှာက ၂ ဦး၊ ကိုင်းကံရွာမှာက ၁ ဦး ၊ လက်တလောစာရင်းပေါ်လာတဲ့ ပျောက်ဆုံးသူ ၃၈ ဦးရှိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ပျောက်ဆုံးနေတဲ့ လူ ၄၀ နီးပါးဟာ ထွက်ပြေးတိမ်းရှောင်ရင်း ဆက်သွယ်မှု ဧရိယာပြင်ပကိုရောက်သွားတာလား ၊ ဖမ်းဆီးခံသွားရတာလား ၊ ဒါမှမဟုတ် ပြေးရင်းလွှားရင်း အသတ်ခံရတာလား ၊ မီးလောင်တဲ့အထဲမှာ ပါသွားတာလား စတဲ့ အခြေအနေတွေကို ရွာခံတွေက ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြောပါတယ်။

ပျောက်ဆုံးသူတွေထဲက လျှော်ဖြူရွာသား ၁ ဦး နဲ့ ကိုင်းကံရွာသား ၁ ဦး ရဲ့သေဆုံးနေတဲ့ ရုပ်အလောင်းကို ဒေသခံရွာသားတွေက ပြန်လည်ရှာဖွေ တွေ့ထားရတယ်လို့ သိရပါတယ်။

အခုလ ၆ ရက်နောက်ပိုင်းကစလို့ ဒီပဲယင်းမြို့နယ် ၊ ကိုင်းကံရွာဘက်မှာ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပွားပြီး လူနေအိမ်နဲ့ အဆောက်အဦတွေ မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီ အခြေအနေနဲ့ ပတ်သက်ပြီး ကိုင်းကံရွာခံ တယောက်က ” နေအိမ် နဲ့ အဆောက်ဦး ၁၄၅ လုံး ၊ ဆန်စက် ၁ လုံး ၊ စပါးတင်း ၂၀၀၀ ဝန်းကျင် ၊ လယ်ယာလုပ်ငန်းသုံး ဖော်လန်းကား ၂ စီး ၊ ထော်လာဂျီ ၃ စီး ၊ ရေစုပ်စက် ၁၄ လုံး၊ Hight jet ကား ၁ စီး ၊ Lifan ကား ၁ စီးနဲ့ ဆိုင်ကယ် အစီး ၇၀ ကျော် မီးလောင်ခဲ့တယ် “လို့ ပြောပါတယ်။

အဲ့ဒီဒေသက နေအိမ်တချို့ဟာလည်း ဖောက်ထွင်းဖျက်ဆီးခံရပြီး အိမ်တွင်းက တန်ဖိုးရှိပစ္စည်းတွေ ပျောက်ဆုံးနေတာလည်း ရှိတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့၂၀၂၁ ၊ အောက်တိုဘာကစလို့ အခုနှစ် သြဂုတ်အထိ ရွာပေါင်း ၂၀ ကျော် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ်နဲ့ အဆောက်အဦ ထောင်နဲ့ချီဆုံးရှုံးကာ ဒေသခံ ၈ ထောင်နီးပါးကလည်း အခုထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း

Related posts

Leave a Comment

VOM News

FREE
VIEW