သြဂုတ် ၈-၂၀၂၂
Voice Of Myanmar(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်အတွင်းက နေအိမ်တအိမ်အတွင်းမှာ ဆေးခြောက်ပင် စိုက်ပျိုးနေသူနဲ့အတူ အမျိုးသား ၃ဦး အမျိုးသမီး ၄ဦး၊ သေနတ်၁လက်နဲ့ကျည်ဆံတွေ ဖမ်းဆီးရမိတဲ့ဖြစ်စဥ် ဒီကနေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက “ဖြစ်စဥ်က မှန်ပါတယ်၊ တိုင်းအဖွဲ့က သတင်းအရ ၀င်ဖမ်းတဲ့အချိန် ဆေးခြောက်ကို နေအိမ်အတွင်းမှာ စိုက်ပျိုးပြီး အခြောက်လှန်းတဲ့ အခန်းတွေကိုပါ တွေ့ရပါတယ်၊ ဆက်စပ်ပစ္စည်းတွေနဲ့ သေနတ်၁လက်ပါ ဖမ်းမိတာပါ၊ တန်ဖိုးကတော့ တွက်ချက်နေဆဲပါ “လို့ ပြောပါတယ်။
အဲ့ဒီနေအိမ်အတွင်းမှာ ဆေးခြောက်ပင်တွေကို မီးအလင်းရောင်ပေးတဲ့စနစ်နဲ့ စိုက်ပျိုးထားတဲ့ အခန်း၂ခန်း၊ အခြောက်လှန်းတဲ့ အခန်း ၁ခန်း နဲ့ ဆေးခြောက်တွေထည့်ထားတဲ့ ဘူးအမျိုးမျိုးနဲ့ ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံထုတ် ပစ္စတိုသေနတ် ၁လက်နဲ့ ကျည်ဆံ အတောင့် ၂၀ တို့ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး နေအိမ်အတွင်းမှာရှိတဲ့ အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၄ဦးတိုကို ဖမ်းဆီးကာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
#voiceofmyanmar #VOM #မန္တလေး