စစ်ကိုင်းတိုင်းမှာ ကုန်တင်ကား ဓားပြတိုက်ခံရတဲ့ဖြစ်စဥ် ၁ ပတ်အတွင်း ၅ ကြိမ်ရှိ

သြဂုတ် ၊ ၉ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်းထဲက အဝေးပြေးလမ်းတွေပေါ်မှာ ကုန်စည်ပို့ဆောင်နေတဲ့ ကုန်တင်ကားကြီးတွေ ဓားပြတိုက်ခံရတာဟာ ဒီလ ၁ ရက်နေ့ နောက်ပိုင်းကစလို့ မနေ့ သြဂုတ် ၈ ရက်အထိ ၁ ပတ်အတွင်း ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ကုန်တင်ကားတွေ ဓားပြတိုက် လုယက်ခံရတဲ့ လမ်းကြောင်းတွေက ရွှေဘို မြစ်ကြီးနား အဝေးပြေးလမ်း ၊ ကလေး ၊ ကလေးဝ တမူး လမ်းနဲ့ တမူး စေတီ ဟုမ္မလင်း လမ်းတွေမှာ အဖြစ်များတယ် ၊ အဲ့ဒီအပြင် ခရီးတို လမ်းပိုင်းတွေမှာလည်း ဓားပြတိုက် လုယက်ခံရတာတွေရှိတယ် “လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အဲ့ဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တယောက်က ” ဒီလ ၆ ရက်နေ့က ကလေး-ကလေးဝ- တမူး ကားလမ်းပေါ်က တမူးမြို့နယ် ၊ နန့်မွန်းတာကျေးရွာနားမှာ ရွှေတံခွန် ကုန်စည်ပို့ဆောင်ရေး အသင်းက ၁၂ ဘီးကား ၁ စီးပေါ်က ကုန်စည်တွေ ဓားပြတိုက်ခံရတာဖြစ်တယ် ၊ ကုန်ဖောင်းစာရင်းနဲ့သွားတဲ့ ကုန်စည် ပစ္စည်း အရေအတွက်နဲ့ ကာလတန်ဖိုးကို စစ်ဆေးတွက်ချက်နေဆဲဖြစ်တယ် “လို့ ပြောပါတယ်။

အခု သြဂုတ်လ ၁ ရက်နေ့ ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က တမူးခရိုင် ၊ မြို့သစ်မြို့နယ်ခွဲ ၊ တမူး မြို့သစ်ကားလမ်း ၊ ဆရာစံကျေးရွာနားမှာ ဦးဖိုးပြား ဆိုတဲ့သူ မောင်းနှင်လာတဲ့ ကား ၁ စီးကို ကုန်ပစ္စည်းတွေရော ကားပါ ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက် အခုလ ၅ ရက်နေ့ ညနေပိုင်း ၇ နာရီဝန်းကျင်ကလည်း ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မြစ်တော်ကျေးရွာနားမှာ ဦးဖိုဇော်နဲ့ ဦးမိုးမြင့် မောင်းနှင်လာတဲ့ ယာဥ် ၂ စီး ဓားပြတိုက်ခံရပြီး ယာဥ်ပေါ်ပါ ပစ္စည်းတွေနဲ့အတူ ယာဥ်ပါ လုယူဓားပြတိုက်ခံရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ ဘိလပ်မြေအိတ် ၇ ရာ တင်ဆောင်လာတဲ့ နောက်တွဲယာဥ် တွဲကား ၁ စီး ကားရောပစ္စည်းပါ ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ ဖြစ်စဥ် မဖြစ်ခင် ရက်ပိုင်းအလိုကလည်း အဲ့ဒီနေရာမှာ စက်သုံးဆီတွေ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီး ဓားပြတိုက်ခံရတာကြောင့် ကားသမား သေဆုံးကာ ၊စပယ်ယာ ဖြစ်သူ ပျောက်ဆုံးနေတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းထဲမှာ ကုန်စည်ပို့ဆောင်ရေးကားတွေ လုယက် ဓားပြတိုက်ခံရတာဟာ အခု ၁ ပတ်အတွင်း ၅ ကြိမ်ထက်မနည်း ဖြစ်သွားပြီးလို့ သိရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW