ကုမ္ပဏီ ၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသလို နိုင်ငံခြား ငွေလဲကောင်တာ ၆၅ ခုထက်မနည်း အရေးယူခံရ



မေ ၈ – ၂၀၂၄
SN (VOM)

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) တင်ပြဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီပေါင်း ၅၀၀ ဝန်းကျင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံခဲ့ရသလို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ အချက်တွေကို လိုက်နာခြင်းမရှိတဲ့ နိုင်ငံခြားငွေလဲကောင်တာ ၆၅ ခုထက်မနည်း အရေးယူခံရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ (က) အရ ကုမ္ပဏီအားလုံးဟာ ဖွဲ့စည်းတည်ထောင်တဲ့နေ့မှ နှစ်လအတွင်းနဲ့ အဲဒီနောက်ပိုင်းကာလအတွက် နှစ်စဉ် အနည်းဆုံး တကြိမ် (ဒါမှမဟုတ်) နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တလထက်နောက်မကျစေဘဲ ကုမ္ပဏီရဲ့ အသေးစိတ် ဖော်ပြချက်တွေပါရှိတဲ့ နှစ်စဉ်အစီရင်ခံစာ (AR) ကို သတ်မှတ်ပုံစံနဲ့ မှတ်ပုံတင်အရာရှိထံကို တင်ပြရမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အသိပေးထားပြီး ဖြစ်ပါတယ်။

AR တင်ပြရမယ့်ရက်ထက် ၂၈ ရက် ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားတာကြောင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးဖို့ ပုံစံ 1-9D နဲ့ တင်ပြရတဲ့အတွက် မှတ်ပုံတင်ကြေး ကျပ်တသိန်း ထပ်မံပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြနိုင်ခြင်းမရှိရင်တော့ ကုမ္ပဏီကို မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီပေါင်း ၅၀၀ ဟာ Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြနိုင်ခြင်းမရှိတဲ့ ကုမ္ပဏီတွေဖြစ်ပြီး မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃ဝ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်တဲ့ ဧပြီ ၃၀ ရက်နေ့မှစတင်ကာ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ပယ်ဖျက်တယ်ဆိုတာက နှစ်ပတ်လည်စာရင်းတွေ၊ Annual Report တွေ မတက်တာတို့၊ သက်တမ်းတိုးတာတွေ မလုပ်တာတို့ဆိုရင်တော့ ပယ်ဖျက်မှာပဲလေ။ နောက်တခုက ဥပဒေကြောင်းအရ အရေးယူခံရတဲ့ ကုမ္ပဏီတွေရှိတယ်။ ပို့ကုန်သွားပြီးမှ သွင်းကုန် ပိုက်ဆံပြန်မလာတဲ့ ကုမ္ပဏီတွေကျတော့ အရေးယူခံရတာတွေ ရှိတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း မဆောင်ရွက်နိုင်ရင်တော့ ဘယ်ကုမ္ပဏီမဆို အရေးယူခံရမှာပဲ။ ကုမ္ပဏီရဲ့ ရှုံးခြင်း၊ မြတ်ခြင်းကတော့ တကဏ္ဍပေါ့။ ဒုတိယတပိုင်းကတော့ audit မလုပ်နိုင်တာတွေလည်း ရှိတာပေါ့။ အဲ့ဒါကြောင့် သက်တမ်းတိုးဖို့အတွက် စာရွက်စာတမ်း အခက်အခဲတွေလည်း ရှိလာတာပေါ့” လို့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။

လက်ရှိ ပယ်ဖျက်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ခရီးသွားလုပ်ငန်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်း‌တွေ၊ လျှပ်စစ်လုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္ပဏီစာရင်းမှ ပယ်ဖျက်ခံရပြီး ကုမ္ပဏီအမည်ကို ပြန်လည် အသက်သွင်းလိုရင်တော့ အဲဒီကုမ္ပဏီအနေနဲ့ တရားရုံးကင်းလွတ်ခွင့် အမိန့်နဲ့ ပြန်လည် တင်ပြနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း တရားရုံးကင်းလွတ်ခွင့် ရရှိဖို့ လျှောက်ထားရတဲ့ ကုန်ကျစရိတ်နဲ့ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်ကို လိုက်နာမှုမရှိဘဲ ပျက်ကွက်ထားတဲ့ ကုမ္ပဏီရဲ့ပုံရိပ် ကျန်ရှိနေမှာဖြစ်တာကြောင့် နှစ်စဉ်အစီရင်ခံစာ တင်ပြခြင်းကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြဖို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် ငွေကြေးဈေးကွက်အတွင်းမှာလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Money Changer တွေကို ရှောင်တခင် ဝင်ရောက် စစ်ဆေးလျက်ရှိတာမှာ အခု ၂၀၂၄ ခုနှစ်၊ နှစ်လတာအတွင်း အရေးယူခံရတဲ့ ငွေလဲကောင်တာအရေအတွက် ၆၀ ကျော်လောက် ရှိနေပြီဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ လက်ရှိ မေလအတွင်းမှာပဲ Money Changer နှစ်ခုကို ထပ်မံအရေးယူခဲ့ပြီး လိုင်စင်ခြောက်လ ဆိုင်းငံ့ခဲ့တာကြောင့် ခုဆိုရင် နှစ်လကျော်အတွင်း အရေးယူခံခဲ့ရတဲ့ Money Changer စုစုပေါင်း ၆၅ ခုထက်မနည်း ရှိလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

“Money Changer တွေကို အရေးယူတာ၊ ပိတ်သိမ်းတာတွေ လုပ်တာကတော့ လုပ်နေတာပဲ။ ဒါပေမယ့် တရားမဝင်ဈေးကွက်က ရှိနေတော့ ဘာမှ မထူးဘူးလို့ဘဲ ပြောရမှာပဲ။ တရားမဝင် ဈေးကွက်ကတော့ သူ့ဟာနဲ့သူ အရောင်းအဝယ် ဆက်ဖြစ်နေဦးမှာပဲ” လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတယောက်က ပြောပါတယ်။

ဗဟိုဘဏ်ကတော့ ပြီးခဲ့တဲ့ မတ်လအတွင်း ငွေလဲကောင်တာ ၁၅ ခုထက်မနည်း အရေးယူခဲ့သလို ဧပြီလကနေ အခု မေလ ၅ ရက်အထိ ကာလအတွင်းမှာလည်း Money Changer ၁၈ ခုကို လိုင်စင်ရုပ်သိမ်းခဲ့ပြီး Money Changer ငါးခုကိုတော့ လိုင်စင် သုံးလ ဆိုင်းငံ့ခဲ့ကာ ထပ်မံပြီး Money Changer ၂၇ ခုကိုလည်း လိုင်စင် ခြောက်လ ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ အခုလို နိုင်ငံခြား ငွေလဲကောင်တာတွေကို အရေးယူမှုတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်ထဲမှာတော့ ဒေါ်လာဈေးနှုန်းက သိသိသာသာ ကျဆင်းသွားတာမျိုး မရှိတဲ့အပြင် အတက်ဘက်ကိုသာ ဦးတည်နေဆဲ ဖြစ်ပါတယ်။

Photo: VOM

Related posts

Leave a Comment

VOM News

FREE
VIEW