ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ကုန်ပစ္စည်းတင်ပို့မှု အခက်တွေ့

မေ ၈ – ၂၀၂၄
SN (VOM)
တိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်း ပြန်မဖွင့်သေးလို့ ကုန်ပစ္စည်းတင်ပို့မှုအပါအဝင် သွားရေးလာရေးကအစ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်တင်ကား မောင်းနှင်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကစပြီး ဘုတ်ပြင်းနဲ့ တနင်္သာရီနယ်စပ်ရှိ နစကရဲ့ ၁၀၂၀ ပွိုင့်ကုန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမှာ ဒီကနေ့ မေ ၇ ရက်အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲကြောင့် ဘုတ်ပြင်း-တနင်္သာရီလမ်းပိုင်းကို နစကဘက်ကရော တော်လှန်တပ်ဖွဲ့တွေဘက်ကပါ ပိတ်ထားတဲ့အတွက် ကားအစီးရေ ၇၀ ဝန်းကျင်လောက် တနင်္သာရီမြို့နယ်အတွင်း ပိတ်မိနေပြီး ကုန်စည်စီးဆင်း‌မှု အခက်အခဲတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
“အခုက အတက်အဆင်းကားတွေ အကုန်ပိတ်မိနေတာ။ အစီးရေ ၇၀ ဝန်းကျင်လောက်တော့ ရှိမယ်။ လူတွေကတော့ ခန့်မှန်းခြေ နှစ်ရာကျော်လောက်တော့ ရှိမယ်ထင်တယ်။ ကားလမ်း‌တွေ ပိတ်ထားတော့ ဘုတ်ပြင်းကနေ မြိတ်ကို တချို့ကတော့ ရေလမ်းခရီးကနေ သွားနေကြတယ်။ ကုန်လမ်းလောက်တော့ ခရီးမတွင်ဘူးပေါ့။ လှေခက သုံးသောင်းလောက်ပေးရတယ် ကြားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
လက်ရှိမှာ တနင်္သာရီမြို့ဘက်မှ တက်လာတဲ့ ကားတွေဟာ တိုက်ပွဲကြောင့် မောတောင်လမ်းခွဲနဲ့ အေးသာယာရွာမှာ ပိတ်မိနေပြီး ကော့သောင်းဘက်က တက်လာတဲ့ ကားတွေကတော့ ဘုတ်ပြင်းမြို့နယ်၊လေညာရွာမှာ ပိတ်မိနေတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကော့သောင်း၊ ဘုတ်ပြင်းကနေ မြိတ်မြို့ကို သွားရောက်မယ့် ကုန်ကားတချို့လည်း ပြည်ကြီးမဏ္ဍိုင်မြို့အနီး ပိတ်မိနေပြီး ရှေ့ဆက်သွားလို့မရတာကြောင့် ရောက်ရာနေရာမှာပဲ စခန်းချ ရပ် နားနေကြတယ်လို့ သိရပါတယ်။
အလားတူ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းရှိရာ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာအနီးမှာလည်း နစကတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် ဖြတ်သန်းသွားခွင့် ကန့်သတ်ထားတယ်လို့ သိရပါတယ်။
မေ ၅ ရက်မှစတင်ပြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောက်ဆည်၊ ဝင်းဝ၊ ပဲဒက်ကျေးရွာတွေနဲ့ ပုလောမြို့နယ်အတွင်းက ထမင်းမစား၊ ကဒဲ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှုကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်နေတာလို့ သိရပါတယ်။
“ခရီးသည်အတော်များများက မြိတ်ကနေ ရှေ့ဆက်သွားလို့မရ ဖြစ်နေတာ။ တချို့ကားတွေကတော့ နီးစပ်ရာမြို့တွေဆီ ဝင်ခိုကြတယ်။ ကုန်တင်ကားတွေဆိုလည်း ကုန်ခြောက်တွေထက် ကုန်စိမ်းကားက များတယ်။ လမ်းခရီးမှာ အချိန်ကြာလာတာနဲ့အမျှ ကုန်တွေ ပျက်စီးကုန်တာပေါ့။ တိုက်ပွဲကာလက ဘယ်လောက် ကြာမယ်ဆိုတာ မသိသေးတော့ ဘယ်နေ့ လမ်းပြန်ဖွင့်မယ်ဆိုတာလည်း မသိသေးဘူး” လို့ ကုန်တင်ကား မောင်းသူတယောက်က ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းရှိ ပြည် ထောင်စုလမ်း အစိတ်အပိုင်းတွေ ပိတ်ဆို့မှုမှာ အရင်က အခုလို ရက်ကြာမြင့်တာမျိုး မရှိခဲ့ဖူးဘဲ အခုမှသာ လမ်းပိတ်မှု ကြာမြင့်နေတာဖြစ်တယ်လို့ သိရပါတယ်။
Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW