ရင်ပေါင်တိုင်ရွာနားမှာ ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ ဒေသခံအရပ်သား သေဆုံးတာတွေရှိခဲ့

သြဂုတ် ၊ ၁၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြိုနယ်နဲ့ ယင်မာပင်မြို့နယ် အစပ်က ရင်ပေါင်တိုင်ကျေးရွာနားမှာ အခုလ ၁၁ ရက်ကဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ အရပ်သားပြည်သူတချို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့တာတွေရှိတယ်လို့ ရင်ပေါင်တိုင်ရွာခံတွေဆီ သိရပါတယ်။

” ၁၁ ရက်နေ့က လေကြောင်း ပစ်ခတ်တာရော ၊ မြေပြင်ပစ်ခတ်တာရောဆိုတော့ အသက်လုပြီး ထွက်ပြေးရတယ် ၊ အဲ့ဒီပစ်ခတ်မှုတွေမှာ အရပ်သားရွာခံတွေ ထိမှန် သေဆုံးနေတာကို မနေ့ကမှ တွေ့ရတယ် ၊ လောလောဆယ် တွေ့ထားရတာက ၅ လောင်းဖြစ်တယ် “လို့ ရင်ပေါင်တိုင်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ရုပ်အလောင်းတွေနဲ့ပတ်သက်ပြီး ဒေသခံပရဟိတသမား တယောက်က ” မမိုးမိုး ၂၄ နှစ် ၊ ဒေါ်နွယ်နွယ် ၅၀ နှစ် ၊ ကိုဇော်ဝင်း ၄၅ နှစ်နဲ့ မောင်သော်ဘုန်းနိုင် ၁၇ နှစ် ဆယ်တန်းကျောင်းသားနဲ့ နာမည် အသက် စုံစမ်းနေဆဲ တယောက် အပါအဝင် ရုပ်အလောင်း ၅ လောင်းတွေ့ထားရတယ် “လို့ ပြောပါတယ်။

အပျက်အစီးကြားတွေရဲ့အောက်မှာ ဒဏ်ရာရထွက်ပြေးရင်း သေဆုံးတာတွေ ထပ်ပြီးရှိနိုင်သေးတာကြောင့် သေဆုံးသူ ဆယ်ဂဏန်းအထိ ရှိနိုင်မယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲ့ဒီ သေဆုံးသူတွေဟာ လေကြောင်းကနေ ပစ်ခတ်တဲ့အတွက် ထိမှန်သေဆုံးရတာလို့ ဒေသခံ ရွာသားတွေက အတည်ပြုပြောကြားပေမယ့် VOM က သီးခြား အတည်မပြုနိုင်ပါဘူး။

အဲ့ဒီ ရင်ပေါင်တိုင်တိုက်ပွဲမှာ ဒေသခံPDF တွေဘက်က ထိခိုက်ကျဆုံးတာနဲ့ လက်နက်ခဲယမ်းတွေ ဆုံရှုံးတာရှိတယ်လို့ လူမှုကွန်ရက်မှာ မနေ့က ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲ့ဒီ တိုက်ပွဲနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က “အမျိုးသားအလောင်း ၇ လောင်း ၊ M-22 .သေနတ် ၅ လက် ၊ ၄၀ မမ ဗုံးပစ်လောင်ချာ(ဆုံလည်).၂ လက် ၊ ၆၀ မမ စိန်ပြောင်း.၈ လက် ၊ ကျည်ဆံမျိုးစုံ ၂၉၄၀ တောင့် ၊ ဗုံးသီးမျိုးစုံ ၁၁၀ လုံး ၊ ကျည်အိမ် .၃၂ ခု ၊ လက်ပစ်ဗုံး.၁ လုံး ၊ အီနာဂါဗုံးသီး ၁ လုံး သိမ်းဆည်းရမိတယ် ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် အချိန်မီ ဆေးရုံကိုပို့ဆောင်ပေးနိုင်တယ် “လို့ ပြောပါတယ်။

ရင်ပေါင်တိုင် ကျေးရွာ အပါအဝင် အဲ့ဒီနားက ရွာပေါင်း ၈ ရွာထက်မနည်းဟာ ထိတွေ့တိုက်ပွဲတွေကြောင့် ဒီကနေ့အထိ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW