ညောင်ဖြူပင်ရဲစခန်း ပစ်ခတ်ခံရမှုမှာ စခန်းမှူး သေဆုံး

သြဂုတ် ၂၁ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်ကြား ၊ ညောင်ဖြူပင်ကျေးရွာမှာရှိတဲ့ ၊ ညောင်ဖြူပင် နယ်မြေရဲကင်းစခန်းဟာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ် တိုက်ခိုက်ခံရပြီး စခန်းမှူးသေဆုံးခဲ့တယ်လို့ ညောင်ဖြူပင်ရွာခံတွေဆီက သိရပါတယ်။

” မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ရဲကင်းစခန်းကို ကားနဲ့လာပြီး အနီးကပ် ပစ်သွားတယ်၊ အပြန်အလှန်ပစ်ကြတာပါ ၊ အချိန်အနည်းငယ်ကြာတယ် ၊ ရဲစခန်းဘက်က လူသေဆုံးတာရှိတယ်၊ လူနာတင်ကားတွေ သွားလာတာမြင်ရတယ် ” လို့ ညောင်ဖြူပင်ရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မုံရွာမြို့နယ် ရဲအသိုင်းအဝိုင်းက ” အရင်ခရိုင်ရုံးမှာ CRO တာဝန်ထမ်းဆောင်သွားတဲ့ ရဲအုပ် အောင်မျိုးဟာ အဲ့ဒီ ညောင်ဖြူပင် စခန်းမှူးလုပ်နေတာ ၊ သူ့ရောက်မှ တိုက်ခိုက်ခံရတာ အနည်းဆုံး ၂ ကြိမ်ရှိတယ် ၊ ပထမအကြိမ်တုန်းက တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရတာလောက်ပဲရှိခဲ့တယ် ၊ ဒီကနေ့ တိုက်ပွဲမှာတော့ ရဲကင်းစခန်းမှူး ရဲအုပ် အောင်မျိုး ကျသွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ညောင်ဖြူပင် ရဲကင်းစခန်း တိုက်ပွဲနဲ့ ပတ်သက်ပြီး ဒီမနက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ ညောင်ဖြူပင်ရွာရဲ့ ချင်းတွင်းမြစ် တဖက်ကမ်းက နဂါးတပ်တော်နဲ့ ဆားလင်းကြီးမြို့နယ် PDF အဖွဲ့ ၊ အောင်ဆန်းတပ်ခွဲက အဲ့ဒီ ညောင်ဖြူပင် ရဲကင်းစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး လူ ၂ ယောက်ကျည်ဆံ ထိမှန် ဒဏ်ရာရကာ ကျည်အိမ် ၃ ခု ကျကျန်နေခဲ့တယ် လို့ လူမှုကွန်ရက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း မုံရွာ-အမြင့် ကားလမ်းမှာရှိတဲ့ ၊ ညောင်ဖြူပင်ရဲကင်းစခန်းရဲ့ တောင်ဘက် ၇ မိုင်လောက်က အမြင့်ရဲကင်းစခန်းမှူး ရဲအုပ် ဘုန်းမြတ်ကိုကို ဆိုသူဟာ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးကနေ အမြင့်ရဲစခန်းကို အပြန်လမ်းမှာ ပျောက်ဆုံးနေတာ ဒီကနေ့အထိဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေဦးခရိုင် တန့်ဆည်မြို့ဝင်က စစ်ဆေးရေးဂိတ်ကို သွားတဲ့ ရဲကားတစီး ပစ်ခတ်ခံရပြီး ရဲ ၅ ယောက်သေဆုံးကာ သေနတ် ၆ လက်ပျောက်ဆုံးနေတာဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ညောင်ဖြူပင်ရဲစခန်း #ပစ်ခတ်ခံရမှု #စခန်းမှူးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW