တရုတ်ကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းမြှင့်တင်ဖို့ တာဝေးပစ်ခရုဇ်ဒုံးကျည် အစင်း ၁၀၀၀ ဖြန့်ကြက်ဖို့ ဂျပန်စီစဉ်နေ

တိုကျို၊ သြဂုတ်-၂၁-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံဟာ တရုတ်ကိုတန်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့အတွက် တာဝေးပစ်ခရုဇ်ဒုံးကျည် အစင်း ၁၀၀၀ ကိုဖြန့်ကြက်ဖို့ စဉ်းစားနေကြောင်း ဂျပန်အခြေစိုက် ယိုမီယူရီသတင်းစာက သြဂုတ် ၂၁ ရက်မှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီဒုံးကျည်တွေဟာ ရှိပြီးသားဒုံးကျည်တွေကို အကွာအဝေး ကီလိုမီတာ ၁၀၀ ကနေ ၁၀၀၀ ထိပစ်ခတ်နိုင်စွမ်းရှိအောင် ပြုပြင်ထားတဲ့ ဒုံးကျည်တွေဖြစ်ကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အဲဒီသတင်းစာက ဖော်ပြထားပါတယ်။

သင်္ဘော သို့မဟုတ် လေယာဉ်တွေပေါ်ကနေ ပစ်ခတ်နိုင်တဲ့ အဲဒီဒုံးကျည်တွေကို နိုင်ငံတောင်ပိုင်း နန်ဆိုင်ကျွန်းစုအနီးမှာ ဖြန့်ကြက်သွားဖွယ်ရှိပြီး မြောက်ကိုရီးယားနဲ့ တရုတ်ကမ်းရိုးတန်းဒေသတွေထိ ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာန တာ၀န်ရှိသူတွေကတော့ ချက်ချင်းမှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပါဘူး။

စစ်ပြီးခေတ်အခြေခံဥပဒေအရ နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ကိုအသုံးပြုခွင့်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ ဂျပန်နိုင်ငံဟာ သူ့ရဲ့စစ်အသုံးစရိတ်ကိုမြှင့်တင်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း စစ်ရေးနဲ့ပတ်သက်ပြီး ပိုမိုခိုင်မာတဲ့မဟာဗျူဟာတရပ် ချမှတ်လုပ်ဆောင်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြည်ပနိုင်ငံတွေထိ ပစ်ခတ်နိုင်တဲ့ လက်နက်တွေနဲ့ တာဝေးပစ်ဒုံးကျည်တွေ ဖြန့်ကြက်မှုကနေ ရှောင်ရှားခဲ့ပါတယ်။

အမေရိကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ ထိုင်၀မ်ကိုသွားရောက်ပြီးနောက်မှာ ဒေသတွင်း တင်းမာမှုတွေမြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံဟာ ထိုင်၀မ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကာ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ ဂျပန်အထူးစီးပွားရေးဇုန်ထဲကို ကျရောက်ခဲ့ပါတယ်။

Ref: Reuters
Photo: Getty Images
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW