မုံရွာ၊ အလုံတပ်မြို့က ကားဝပ်ရှော့မှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

စက်တင်ဘာ ၊ ၈-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ ချင်းတွင်းမြစ်ကူးတံတားနားမှာရှိတဲ့ ကားဝပ်ရှော့ ကို မနေ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက သက်ဆိုင်ရာမှ ၀င်ရောက်ရှာဖွေတဲ့အခါ လက်နက်ခဲယမ်းတွေနဲ့အတူ လူတချို့ ဖမ်းဆီးရမိတယ်လို့ အလုံတပ်မြို့ ဒေသခံတွေဆီက သိရပါတယ်။

” ချင်းတွင်းမြစ်ကူးတံတားနားက ဇော်ဝင်း ကားပြုပြင်ရေးအလုပ်ရုံကို စစ်တပ်နဲ့ ရဲတွေ ဝင်ပြီး ဖမ်းတာပါ ၊ လူ ၄ ယောက်နဲ့ သေနတ်တွေ ဖမ်းမိသွားတာ ” လို့ အဲ့ဒီ ဖမ်းဆီးနေတာကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ အလုံ ဒေသခံတယောက်က ပြောပါတယ်။

မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဇော်ဝင်း ကားဝပ်ရှော့ကို သတင်းပေးတာကြောင့် သွားရောက်စစ်ဆေးရှာဖွေတဲ့အခါ မျက်နှာစိမ်း ဧည့်သည် ၃ ဦးတွေ့ရတယ် ၊ အသေးစိပ်ရှာဖွေရေးတွေ လုပ်တော့ M4 – 16 မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခု ၊ ၄၀ မမ ဗုံးပစ်လောင်ဂျာ လက်လုပ် သေနတ် ၁ လက် ၊ ၁၂ ဗို့ ပြောင်းချော သေနတ် ၁ လက် ၊ လက်လုပ် သေနတ်အတို ၁ လက် ၊ အရှည် ၁ လက် ၊ ၅ ဒသမ ၅၆ ကျည်ဆံအမျိုးအစား ၁၂၈ တောင့် ၊ ၁၂ ဗို့ပြောင်းချောကျည်ဆံ ၁၁ တောင့် ၊ မှန်ပြောင်း ၁ ခု ၊ လမ်းလျှောက်စကားပြောစက် ၁ လုံး နဲ့ ဆက်စပ်ပစ္စည်းမျိုးစုံ ဖမ်းဆီးရမိတယ် ၊ အဲ့ဒါကြောင့် ကားဝပ်ရှော့ အလုပ်ရုံပိုင်ရှင် ကိုဇော်ဇော်အောင် အပါအဝင် လူ ၄ ဦးကို ဖမ်းဆီးအရေးယူထားတာဖြစ်တယ် “လို့ ပြောပါတယ်။

မုံရွာမြို့နယ် အလုံတပ်မြို့အထွက် ရေအိုစင် စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရန်ကုန်ကနေ ရေဦးမြို့ကိုသွားတဲ့ ခရီးသည်တင် Express ကားပေါ်က လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာ ဖြစ်ခဲ့ပါသေးတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လက စစ်ကိုင်းမြို့ စစ်ကိုင်းတံတား ဂိတ်မှာ ခရီးသည်တင် ကားပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #အလုံမြို့ #လက်နက်ခဲယမ်းဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW