ဝယ်လို့ မရ သူနဲ့ မ၀ယ်နိုင်လို့ လက်မှိုင်ချနေရတဲ့ ဘ၀များ

KK(VOM)

“ကုန်စျေးနှုန်းကကြီး အလုပ်ကမရှိ ဆေးတွေကစျေးတက် ကျွန်မလေ တခါတလေ အမြန်သေပါစေလို့ဆုတောင်းမိတယ် “လို့ နာတာရှည်ရောဂါဖြစ်လို့ ဆေးစွဲသောက်နေသူတဦးက သူရဲ့အခက်အခဲကို ပြောပါတယ်။ အခက်အခဲကို ပြောပြနေပေမယ့် မောပန်းလာလို့ ခဏအနားယူပြီး သူမရဲ့အိတ်ထဲက လူပျံတော်ပတ္တမြားသွေးဆေးကိုဖောက် ရေနွေးနဲ့ရောကာ သောက်သုံးနေပါတယ်။

ရန်ကုန်မြို့ရဲ့ဆင်ခြေဖုန်းရပ်ကွက်လေးက လိုင်းခန်းတစ်ခုမှာနေထိုင်တဲ့ သူမအဖို့ မွန်းကျပ်ပိတ်လှောင်ပြီး လေမရတာကြောင့် လမ်းမအပြင်ဘက်ကို တခါတရံထွက်ထိုင်နေရတာကိုလည်း တွေ့ရပါတယ်။
ခင်ပွန်းဖြစ်သူက ကယ်ရီဆွဲပြီး သားနဲ့သမီးတယောက်ရှိပြီး အိမ်စရိတ်နဲ့အဆောင်လခ ဖယ်ကာ ရောဂါအတွက် ဆေးဝယ်ဖို့ဖယ်ရတာဟာ မလောက်တာကြောင့် အကြွေးများပင် တင်နေတယ်လို့ သူမကပြောပါတယ်။

“အရင်က တစ်ရာဆိုတဲ့ ဆေးက အခုဆို နှစ်ရာ နှစ်ရာငါးဆယ်၊ အရင်က ငါးဆယ်ဆိုတဲ့ဆေးက အခုဆို တစ်ရာငါးဆယ် ​ဖြစ်နေပြီ၊ ဒါတောင် ဆေးခန်းမပြဘူး ဆေးစာအုပ်နဲ့ဆေးဝယ်တာ တစ်ခါဝယ်ရင် အနိမ့်ဆုံးဆေးဖိုး လေးသောင်းရှိတယ်”လို့ ပြောပါတယ်။

ကုန်စျေးနှုန်းကြီးမြှင့်ခြင်း အလုပ်အကိုင်ရှားပါးခြင်းအပြင် အိမ်သုံးဆေးဝါးတွေ စျေးတက်လာကလည်း အခြေခံလူတန်းစားတွေအဖို့ ပိုပြီးအခက်အခဲနဲ့ ရင်ဆိုင်လာရတယ်လို့ တောင်ဒဂုံမှာ နေထိုင်သူတဦးက ပြောပါတယ်။

“အမေက နှလုံးရောဂါဖြစ်နေတာ အဲ့ဒါကြောင့် ဆေးဝယ်ရင် ၁၀လုံးတစ်ကတ်အမြဲဝယ်ရတယ် အခုဆို Metpure XL. 12.5 တစ်ကတ်ကို ၄၅၀၀ အရင်က ၂၈၀၀ ပဲ အခြားဆေးတွေလည်း စျေးတက်တယ်၊ အခုစျေး ၄၅၀၀ နော် နောက်ရက်ဘယ်စျေးဖြစ်မလဲ မသိတော့ဘူး”လို့ ရှင်းပြပါတယ်။

အခြေခံလူတန်းစားတွေနေထိုင်ရာ ကျူးကျော်ရပ်ကွက် အိမ်ဆိုင်လေးတွေမှာတော့ တစ်လုံးချင်းဝယ်သောက်ရတဲ့ အကိုက်အခဲပျောက်ဆေးတွေပါ အဆမတန်စျေးကြီးလာတယ်လို့ ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
“အရင်က မစ်ဆာဂရစ် တစ်လုံး ၂၅၀ ၊ဘိုင်အိုဂျက်ဆစ် တစ်လုံး ၂၅၀၊ ပါရာကတ်တစ်လုံး ၁၅၀ အဲ့ဒီစျေးတွေက အရင်က ငါးဆယ် တစ်ရာပဲရှိတဲ့ဆေးတွေ”လို့ ပြောပါတယ်။

ဝယ်ယူသူတွေဘက်က စျေးတက်တယ်လို့ပြောနေသော်လည်း စျေးရောင်းချသူအများစုမှာ စျေးကစားမှုတွေကြောင့် အချို့စျေးဆိုင်တွေဆိုရင် ဆိုင်ပိတ်ထားရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆေးဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

“ဒီနေ့ဝယ်ရင် ဒီစျေး၊ ပြန်ရောင်းပြီး နောက်နေ့စျေးသွားရင် အဲ့ဒီစျေးနဲ့မရလို့ စိုက်ပြီးဝယ်ရတယ်၊ အခုက ရောင်းလေ ရှုံးလေ၊ ရင်းလေ မြှုပ်လေ ဘဝဖြစ်နေတာ၊ အချို့အသိတွေက ဆေးဆိုင်ဖွင့်ချင်တယ်ဆိုလို့ တားထားရတယ် ဒုက္ခရောက်မှာစိုးလို့”လို့ သူကရှင်းပြပါတယ်။

ဆီးချို၊သွေးတိုးရောဂါခံစားနေရတဲ့ ဝေဒနာသည်တွေအနေနဲ့ သောက်သုံးနေရတဲ့ ဆေးတွေအဆမတန်မြင့်တက်လာတာကြောင့် သေရမဲ့လူလိုဖြစ်နေတယ်လို့ မြောက်ဒဂုံမှာနေထိုင်သူတဦးက ပြောပါတယ်။

“ဥပမာ Losartan(လိုစာတန်) တစ်ကတ် ၃၇၀၀ အရင်က၂၀၀၀ ပဲရှိတာ ဘယ်လောက်အထိတက်လဲ၊ Betex တစ်ကတ် ၁၂၀၀ ကနေ ၂၀၀၀ဖြစ်သွားတယ် စဥ်းစားကြည့် ပိုက်ဆံမရှိရင် သေရမဲ့ဘဝ”လို့ ပြောပါတယ်။

ဝယ်သောက်ရတဲ့ ဆေးတွေ စျေးတက်ရုံသာမက ဆေးခန်းပြရာမှာ စမ်းသပ်ခတွေပါ စျေးတက်လာတာကလည်း ကျန်းမာရေးအတွက် ပြည်သူတွေကို ဆေးမြီးတိုနဲ့ကုဖို့ တွန်းအားပေးသလို ဖြစ်နေတယ်လို့ ဆေးခန်းပြရနေသူတဦးက သူ့ရဲ့အခက်အခဲကိုပြောပါတယ်။

“ကျန်တာတွေ စျေးတက်တာ လက်ခံလို့ရတယ်၊ ဆရာဝန်တွေက စမ်းသပ်ခစျေးတက်တာ ဆိုးတယ်၊ အရင်က တစ်သောင်းပဲကျရင် အခုတစ်သောင်းသုံးထောင်၊ အရင်ကတစ်သောင်းခွဲဆို အခုတစ်သောင်းရှစ်ထောင် အဲ့ဒီလိုယူတာ၊ မတက်နိူင်ရင် ဆေးခန်းမလာနဲ့ကွာ ပုံစံမျိုးဖြစ်နေတယ်”လို့ ​သူကြုံတွေ့နေရတာကို ပြောပြပါတယ်။

ကုန်စျေးနှုန်းကြီးမြှင့်မှု အလုပ်အကိုင်ရှားပါးမှုနဲ့ကျန်းမာရေးစရိတ်ကြီးမြှင့်တာတွေကြောင့် တံတားပေါ်က ခုန်ချသတ်သေတာတွေ၊ ရေထဲခုန်ချသတ်သေတဲ့အထိ ပြည်သူတွေဟာ ဒုက္ခမျိုးစုံကို ကြုံလာရပါတယ်။

“မတက်နိူင်ဘူးလေ ရောဂါဖြစ်လို့ ဒီဆေးတွေသောက်နေရတာ ၊အချို့က ပိုက်ဆံရှိရဲ့သားနဲ့ ဆေးဝယ်မရတဲ့ဒုက္ခ၊ ကျွန်မတို့က ဆေးဝယ်ချင်လို့ ပိုက်ဆံရှာရတဲ့ဘဝ၊ အရမ်းစျေးကြီးလာရင်တော့ အိမ်လည်းဒုက္ခမပေးတော့ဘူး သေချင်လည်း သေပလေ့စေတော့ ဝယ်မသောက်တော့ဘူး”လို့ လိုင်းခန်းမှာနေတဲ့ အမျိုးသမီးက ပြောပါတယ်။

ကျဥ်းမြောင်းပြီး မဲမှောင်နေတဲ့ လိုင်းခန်းထဲက သောက်ရမဲ့ဆေးထုတ်ကိုယူကာ အသက်ရှုမဝလို့ လိုင်းခန်းအပြင်ဘက်က ခုံတန်းလျှားမှာ သောက်ရမဲ့ဆေးထုတ်ကို တဆင့်ပြန်ကြည့်ရင် တစုံတခုကို စေ့စေ့တွေးနေပါတော့တယ်…….။

#voiceofmyanmar #VOM #KK(VOM) #ဝယ်နိုင်လည်းဝယ်မရ #မ၀ယ်နိုင်လို့လက်မှိုင်ချနေရတဲ့ဘ၀တွေ

Related posts

Leave a Comment

VOM News

FREE
VIEW