လမ်းကြေးကောက်ခံမှု အဆမတန်များလာလို့ နယ်စပ်ကုန်သည်တချို့ လုပ်ငန်းရပ်နားထားရ

စက်တင်ဘာ ၂၃၊ ၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ် အဓိက ကုန်သွယ်ရာ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ ကျင်းစန်းကျော့ – ဝမ်တိန် ကုန်သွယ်‌ရေးဂိတ်ကို သွားရာလမ်းကြောတလျှောက် ယခုနှစ်လယ်ခန့်ကစပြီး လမ်းကြေးကောက်ခံမှု အဆမတန်များလာလို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တချို့ လုပ်ငန်းရပ်နားထားရတယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“အခွန်က အဖွဲ့ ၅ ဖွဲ့ လောက်တောင် ဆောင်ရတယ်တရားဝင်ရော တရားမဝင်ပါ၊ လမ်းကြေး အခွန်အခ ပေးဆောင်ရတဲ့ အဖွဲ့များသလို ကောက်ခံမှုနှုန်းထားလည်း အခုနှစ်အတွင်းမှာ ပိုများလာတာကြောင့် မကုန်သင့်တဲ့နေရာ ကုန်ကျ‌နေရပြီး မကိုက်တော့တဲ့ အပြင် လုံခြုံမှု မရှိတာကြောင့် ကုန်သည်လုပ်ငန်းရှင် သုံးပုံ ၂ ပုံ နီးပါး လုပ်ငန်းရပ်နားထားရတာဖြစ်တယ်။”လို့ သွင်းကုန်လုပ်ငန်းရှင်လည်းဖြစ် ကားအုံနာလည်းဖြစ်သူ နယ်စပ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

တရုတ်ပြည်ဘက်ကနေ ကားထွက်ဖို့ ၁၅ ရက်၊ ရက် ၂၀ ခန့်အကြာ ထွက်လာပြီးတော့ အပေါက်ဝ ရောက်တာနဲ့ အဖွဲ့စုံကို သိန်းဂဏန်းထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

နောက်ထပ် ကုန်သည် ၁ ဦးကလည်း “အရင်တုန်းကဆိုရင် ဘာကုန်ဆိုရင် ဘယ်လောက် အဲ့ဒီလိုဆောင်ရတာ၊ အခုတော့ ဂျူတီစာရွက်ကိုကြည့်ပြီး အစိုးရကို ဘယ်လောက်အခွန်ဆောင်တဲ့အပေါ်မှာ ကြည့်ပြီးတော့ သုံးပုံ တစ်ပုံ ကောက်တယ်။” လို့ သူက ပြောပါတယ်။

အစိုးရ အခွန်ဆောင်တာ မပါဘဲနဲ့ ကားတစ်စီးရဲ့ အပို ကုန်ကျစရိတ်က ကျင်စန်းကျော့ကနေ မန္တလေးထိ သိန်း ၃၀ လောက်ကျနေပြီး ပို့ကုန်ရော သွင်းကုန်ပါ ဆောင်နေရတာကြောင့် ကုန်သည်၊ ကုန်ဂိတ်တွေလည်း မခံနိုင်တော့ဘဲ လုပ်ငန်းရပ်ထားရတဲ့ အခြေအနေထိ ဖြစ်လာရတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်သည်လုပ်ငန်းရှင်တွေအနေဖြင့် ကျင်းစန်းကျော့နဲ့ ၁၀၅ မိုင်ကြား၊ ၁၀၅ မိုင်ကနေ လားရှိုးထိ ပြည်ထောင်စုလမ်းမတလျှောက်၊ လားရှိုး နဲ့ သီပေါ နားရှိ ကုန်းသာအနီး နေရာတွေကို သွားမယ်ဆိုရင်လည်း လုံခြုံရေးစိတ်မချရတဲ့သလို အခက်အခဲတွေပါဖြစ်နေရတယ်လို့ သိရပါတယ်။

မကြာသေးမီကလည်း ကုန်သွယ်ရာမှာ စာရွက်စာတမ်း၊ ဂျူတီဆောင်ရာမှာ အဓိကပံ့ပိုးပေးရတဲ့ ကာစတန် အေးဂျင့် ၂၃ ဦး ကို သက်ဆိုင်ရာက အစည်းအဝေးခေါ်ကာ ထိန်းသိမ်းထားပြီး ၁၉ ဦး ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၄ ဦးကို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး တရားစွဲခံရတဲ့ အခြေအနေ လည်းရှိခဲ့တယ်လို့ ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

အဲဒီလိုကိစ္စရပ်ကြောင့် ကာစတန် အေးဂျင့်တွေ မလာလို့ ကားတွေထွက်မရဘဲ ကွင်းတွေမှာသောင်တင်နေကာ လုပ်ငန်းရပ်သွားတဲ့အပြင် ၂နိုင်ငံ ပို့ကုန်၊သွင်းကုန် ကားတွေလည်း အရမ်းနည်းသွားတယ်လို့ နယ်စပ်ကုန်သည်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo Crd- Original Uploader
#voiceofmyanmar #VOM #လမ်းကြေးကောက်ခံမှု #နယ်စပ်ကုန်သည်လုပ်ငန်းရှင် #လုပ်ငန်းရပ်နားထားရ

Related posts

Leave a Comment

VOM News

FREE
VIEW