တာချီလိတ်-ကျိုင်းတုံကားလမ်းမှာ ကား ၁ စီး ချောင်းထဲပြုတ်ကျပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁ ၊ ၂၀၂၂
SP(VOM)

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာလေမြို့ ၊ နားယောင်းအုပ်စု ၊ ပါးခါးနွဲ့ကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းဘေးက ချောင်းထဲမှာ ဒီကနေ့မနက်ပိုင်းက အိမ်စီးကား၁စီး ပြုတ်ကျပြီး ကားပေါ်ပါ လူတချို့သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဒီမနက် ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက တာချီလိတ် ကျိုင်းတုံကြား ကီလိုမီတာ ၇၃၇ နဲ့ ၇၃၈ နားက နမ်းမချောင်းထဲမှာ ဖြစ်တယ် ၊ အိမ်စီး ဗီဂိုးကားတစီး အရှိန်မထိန်းနိုင်ဘဲ ချောင်းထဲပြုတ်ကျတာ ၊ ကားပေါ်မှာ လူ ၆ ယောက်ပါတယ် ၊ အဲ့ဒီထဲက ကလေး ၁ ယောက်နဲ့ လူကြီး ၃ ယောက်က နေရာမှာတင် သေတယ် ၊ ကျန် ၂ ယောက်က ဒဏ်ရာရတယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

နမ်းမချောင်းထဲပြုတ်ကျသွားတဲ့ ကားနဲ့ ကားပေါ်ပါ သေဆုံး ဒဏ်ရာရသူတွေကို တာလေမြို့ခံ လောကပါလ လူမှုကူညီအဖွဲ့က ရှာဖွေကယ်ဆယ်တာတွေ ပြုလုပ်ပေးပြီးနောက် သေဆုံး လူ ၄ ဦးရဲ့ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို တာလေ ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

တာချီလိတ် ကျိုင်းတုံကားလမ်းဟာ တောင်ပေါ်ကားလမ်းဖြစ်ပြီး သျှိုမြှောင်တွေ အလွန်ပေါများတာကြောင့် မကြာခဏ ယာဥ်တိမ်းမှောက်တာ ၊ လမ်းချော်တာတွေ ဖြစ်တတ်ပေမယ့် အခုလို လမ်းဘေးချောင်းထဲ ကားပြုတ်ကျပြီး လူသေဆုံး ၊ဒဏ်ရာရတဲ့ဖြစ်စဥ်ဟာ ဒီနှစ်ထဲမှာ ပထမဆုံး အကြိမ်ဖြစ်တာလို့ ဒေသခံတွေဆီက သိရပါတယ်။

Photo-လောကပါလလူမှုကူညီရေးအသင်း(တာလေ)
#voiceofmyanmar #VOM #တာချီလိတ်

Related posts

Leave a Comment

VOM News

FREE
VIEW