ဟိုင်းကြီးကျွန်းက ရခိုင် အမျိုးသမီးတွေ အပါအဝင် တိုင်းရင်းသား ၂၀ ကျော် ဖမ်းဆီးခံထားရ

အောက်တိုဘာ၊ ၄- ၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းမြို့က ကျေးရွာတွေမှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားအမျိုးသမီးတွေ အပါအဝင် တိုင်းရင်းသား အယောက် ၂၀ ကျော်ကို သက်ဆိုင်ရာကနေ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ် ။

ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတွေမှာနေထိုင်တဲ့ ရခိုင်တိုင်းရင်းသား အယောက် ၂၀ ကျော်ကို AAနဲ့ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ စက်တင်ဘာ ၁၃ ရက်ကနေ မနေ့ အောက်တိုဘာ ၃ ရက် အတွင်း ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ် ။

“မနေ့ကအထိ ဇီးချိုင်ရွာက အသက် ၆၀ ကျော် အမျိုးသားတစ်ယောက်နဲ့ အသက် ၂၀ ကျော် လူငယ်တွေဖြစ်တဲ့ ယောက်ကျားလေး ၄ ယောက်နဲ့ မိန်းကလေး ၃ယောက် ၊အားလုံး ၈ ယောက်ကို ဖမ်းသွားတယ် ၊ အဖမ်းခံရတာ တိုင်းရင်းသား လူ ၂၀ ကျော်နေပြီ ”လို့ ဒေသခံတဦးကပြောပါတယ် ။

လာရောက်ဖမ်းဆီးတဲ့အခါ ဟိုင်းကြီးကျွန်းအခြေစိုက် ရေတပ်က စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ အင်အား ၃၀ ခန့်လောက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဟိုင်းကြီးကျွန်းမှာ နေထိုင်ရတာဟာ အရင်ကလို ရခိုင်တိုင်းရင်းသားတွေအတွက် လုံခြုံမှုမရှိတော့ဘဲ နေတိုင်း စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ပြောပြချက်အရ သိရပါတယ် ။

“စစ်သားတွေက ဦးဆောင်ဖမ်းတာများတယ် ၊ လာဖမ်းတဲ့အခါတိုင်း အင်အား အနည်းဆုံး ၃၀ ထက်မနည်း ပါတယ်၊ အဖမ်းခံနေရတာလည်း မနည်းတော့ဘူး ၊ ကူညီပေးတဲ့ ရှေ့နေတော့ရှိတယ် ဘာမှမထူးခြားသေးဘူး ၊ ဒီမှာနေရတာ ရခိုင်တွေအတွက် လုံခြုံမှုမရှိတော့ဘူး ၊ တစ်ခုခုဆို ဖမ်းဆိုတာကြီးပဲ ၊ ဘယ်လောက်ပဲ အေးအေးဆေးဆေး နေထိုင်နေတဲ့သူဖြစ်ပါစေ ထစ်ကနဲ့ဆိုအဖမ်းခံရတာပဲ ၊ တရက်မှ စိတ်မအေးရဘူး”လို့ ဟိုင်းကြီးကျွန်းမှာ နေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတဦးက ပြောပါတယ်။

အဖမ်းခံရတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ဇီးချိုင်ကျေးရွာ၊ ကံချိုင့်ကျေးရွာနဲ့ ငါးပြေမကျေးရွာတွေကအများဆုံး အဖမ်းခံထားရတာဖြစ်ပြီး သီဟိုဠ် ခြံပိုင်ရှင် ရခိုင်တိုင်းရင်းသား ဦးလှတင်နဲ့အလုပ်သမားတွေဖြစ်တဲ့ ဦးထွန်းကြည် ၊ ဦးကုလားရှည်တို့ အပါအဝင် တိုင်းရင်းသား အယောက် ၂၀ ကျော်ဖြစ်ဖမ်းဆီးခံထားရတာဖြစ်တယ်လို့ သိရပါတယ်။

အဖမ်းခံရတာနဲ့ ပတ်သက်လို့ တိုင်းရင်းသားတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတဦးက
“အဖမ်းခံရတဲ့သူတွေကို ရဲစခန်းမှာ ထားတယ်လို့ သိရတယ်၊ မနေ့က အထိတော့ သူတို့ကို တခြားနေရာ ပို့တာတို့ ပုဒ်မတပ်တရားစွဲတာတို့ မလုပ်သေးတာ သိရတယ် ၊ စစ်ဆေးနေတာ သံသယနဲ့ပါ ၊ အခု အဖမ်းခံရတဲ့လူတွေက အေးအေးဆေးဆေး နေတဲ့လူတွေ ၊ ဘာနိုင်ငံရေးမှလည်း မလုပ်ကြဘူး၊ တတ်နိုင်သရွေ့ ကူညီပေးနေတယ် ၊ သူတို့အတွက်ကို အလုပ်ကလည်းကြည့်ချင့်ချိန် လုပ်ရတဲ့အချိန်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်းကလည်း ဟိုင်းကြီးကျွန်းမြို့ကျေးရွာတွေက ရခိုင်တိုင်းရင်းသား ၄၀ ဦးထက်မနည်း (AA)နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။

#voiceofmyanmar #VOM #ဟိုင်းကြီးကျွန်း

Related posts

Leave a Comment

VOM News

FREE
VIEW