မော်လမြိုင်ကျွန်းမှာ ပြည်သူ့စစ်ခေါင်းဆောင် သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ၊ ၅-၂၀၂၂
မင်းမြတ် (VOM)

ဧရာဝတီတိုင်း ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ချမ်းမြေ့(၁၃)ရပ်ကွက် က မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ အမျိုးသားကို ဒီကနေ့ ညနေ ၄ နာရီကျော်ခန့်က ကလဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် သေနတ်နဲ့ပစ်သတ်သွားလို့ အခင်းဖြစ်နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်လို့ ရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ် ။

သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသွားတဲ့ အမျိုးသားဟာ မြို့နယ်အဆင့် ပြည်သူ့စစ်ခေါင်းဆောင်တာဝန်ယူထားတဲ့ ခင်မောင်ကြည်ဆိုသူဖြစ်ပြီး ဆဝါရီလဘ္ဘက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် သေနတ်သမားတွေက ပစ်သတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

” ညနေ ၄ နာရီခွဲလောက်မှာ သေနတ်နဲ့လာပစ်သွားတာ ၊ လည်ပင်း ထုတ်ချင်းပေါက် ပွဲချင်းပြီး သေဆုံးခဲ့တာတွေ့ ရတယ် ၊ လဘ္ဘက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာ ၊ သေနတ်နဲ့အပစ်ခံရတဲ့သူက အသစ်ပြန်ဖွဲ့ထားတဲ့မြို့နယ်ပြည်သူ့စစ်အဖွဲ့မှာ သူကခေါင်းဆောင် ။”လို့ မျက်မြင်တွေ့ ရှိသူ ဒေသခံတဦးကပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတဲ့နေရာကို ရဲတပ်ဖွဲ့နဲ့ မော်လမြိုင်ကျွန်းအခြေပြု တပ်ရင်ဖြစ်တဲ့ ၅၃၄ တပ်က တပ်ဖွဲ့ဝင်တွေရောက်လာပြီး ရပ်ကွက်ထဲက အိမ်တွေကို စစ်ဆေးသွားသလိုသေဆုံး သွားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ခင်မောင်ကြည်ရဲ့ ရုပ်အလောင်းကို ကားနဲ့ သယ်သွားတယ်လို့ သိရပါတယ်။

” ရဲတွေကော စစ်သားတွေကော သေနတ်သမားကို လိုက်ရှာနေတယ် ၊ သေနတ်သမားရဲ့ ပုံစံကို မှတ်မိသလောက်လည်း ပြောခိုင်းတယ်၊ မေးတယ် ၊ ရပ်ကွက်ထဲကအိမ်တွေထဲမှာလည်း လိုက်ရှာတယ် ၊ အခုလည်း မြို့ထဲမှာ စစ်ကားတွေမောင်းနေတယ် ၊ ပစ်သတ်ခံရတဲ့သူကတော့ သေသွားပြီ ။”လို့ ရပ်ကွက် စေတနာ့ဝန်ထမ်းလူငယ်တဦးကပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်မှာ ယခုနှစ်အတွင်း သေနတ်နဲ့ပစ်သတ်ခံရလို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ဦး ၊ စာရေးဝန်ထမ်း ၁ ဦး ၊ ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး သေဆုံးခဲ့ရပြီး စစ်ဘက်ဆိုင်ရာက ပြည်သူ့စစ် ၁ ဦးကတော့ ပထမဆုံး ပစ်သတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်ကျွန်း #ပြည်သူ့စစ်ခေါင်းဆောင် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW