ဆူးငှက်
မန္တလေးရတနာပုံနေပြည်တော်ကို မင်းတုန်းမင်းကြီးတည်ထောင်တော့ မြို့ကွက်ချထားတဲ့အခါ မြို့ပတ်ပတ်လည်မှာ ဘုန်းတော်ကြီးကျောင်းဝင်းတွေနဲ့ပတ်ဝန်းစေတယ်။
မြို့အရှေ့ခြမ်းမှာ ဟိုး…မြောက် မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားမှသည် မနော်ယမ္မံဥယျာဉ်တော်အထိ ဘုန်းတော်ကြီးကျောင်းဝင်းကြီးတွေ ရှိသလို မြို့တောင်ခြမ်း မဟာမုနိရုပ်ရှင်တော်မြတ်ဝန်းကျင်မှာလည်း ဘုန်းကြီးကျောင်းဝင်းကြီးတွေရှိတယ်။
မြို့နန်းတည်စ အနောက်ဖက်ခြမ်းနယ်နိမိတ်ဖြစ်တဲ့ရွှေတချောင်း ခေါ် ကုပ်သိုမြောင်းရဲ့အနောက်ခြမ်းမှာလည်း တောင်မှမြောက်အထိ ဘုန်းကြီးကျောင်းဝင်းကြီးတွေရှိတယ်။ ဒီလို မြို့ပတ်လည်မှာ ဘုန်းကြီးကျောင်းကြီးတွေ ရံထားသလို မြို့ထဲကဘုရားစေတီတွေဝန်းကျင်မှာလည်း ဘုန်းကြီးကျောင်းကြီးတွေ ရှိသေးတယ်။
မင်းတုန်းမင်းကြီးက ဗုဒ္ဓသာသနာကို ပဉ္စမသင်္ဂါယနာတင်သည်အထိ ဆည်းကပ်ခဲ့သလိုပဲ ညီတော် ကနောင်မင်းသားနဲ့ မှူးမတ်ဝန်ကြီးများဝန်းရံအားပေးမှုနှင့် ဒေါက်တာမတ်ကဲ့သို့ ခရစ်ယန်သာသနာပြုများနှင့် ခရစ်ယန်သာသနာကိုလည်းနရာပေးခဲ့တယ်။ အလားတူ မဟာမေဒင်ဘာသာဝင်တွေကိုလည်း ဝန်မင်း၊ အမှုထမ်းတွေအထိ ခန့်ထားချီးမြှောက်တယ်။ ဗလီဝတ်ကျောင်းတွေလည်း လှူဒါန်းခဲ့တယ်။ ၈၃ လမ်းနှင့် ၈၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားတာင်ဆင်ကျုံးဝင်းမှာ မင်းတုန်းမင်းကြီးလှူဒါန်းခဲ့တဲ့ ဗလီဝတ်ကျောင်းတော်ကြီး ရှိတယ်။ အလားတူ ၈၂ လမ်းနှင့် ၈၃ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား အိုးဘိုဗလီဝင်းကြီးကလည်း မင်းတုန်းမင်းလက်ထက်ကတည်းက တည်ရှိခဲ့တာပါ။
တစ်ခါ ၈၁ လမ်းနှင့် ၈၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားက ဂျွန်းဗလီဝင်းကလည်း ဘိုးတော်ဘုရားလက်ထက်ကတည်းက ရှိခဲ့တဲ့ ကျွမ်းဘားအမှုထမ်းတွေအစဉ်အဆက်ကို မင်းတုန်းမင်းကြီးကခေါ်ယူနေရာပေးခဲ့တဲ့ဝင်းဖြစ်ပြီး အဝယ်တော်ဦးဖိုးက ဘုရင့်ဆီခွင့်တောင်းပြီး ဗလီဝတ်ကျောင်းဆောက်ခဲ့တာတဲ့။နောက်… ထူးခြားတာတစ်ခုက မင်းတုန်းမင်းလက်ထက် အကောက်ဝန်မင်းကြီး မူလာအီဗရာဟင်နဲ့ သားဖြစ်သူ အကောက်ဝန်မင်း မူလာအစ္စမန်အင်တို့က စူရတီဗလီကို ၁၈၅၉ ခုနှစ်မှာ ဆောက်လုပ်ခဲ့သလို ဒေးဝန်းရပ်မှာလည်း ဗုဒ္ဓဘာသာရဟန်းတော်များအတွက် အကောက်ဝန်မင်းကျောင်းတိုက်ကြီးကို ၁၈၈၄ ခုနှစ်မှာ ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။ အလားတူပါပဲ။ မင်းတုန်းမင်းလက်ထက်ကတည်းက ဘုရင့်တပ်မှာ အမှုထမ်းခဲ့တဲ့ တရုတ်ဗိုလ်မင်း ဆွန်တာလောရဲ့ မိသားစုကလည်း ဟေမာဇလရပ်မှာရှိတဲ့ မလွန်မင်းသားကောင်းမှု ဆုတောင်းပြည့်ဘုရား အုတ်ပြာသာဒ်တော်မှာ ကောဇာသက္ကရာဇ် ၁၂၉၉ ခုနှစ်က လှူဒါန်းခဲ့ဖူးတယ်တဲ့။
မန္တလေးနေပြည်တော်တည်ထောင်တော့ အတန်းတွေ၊ အစုတွေ ဖွဲ့ပြီး ရပ်ကွက်ဖွဲ့စည်းတဲ့အခါ ကုလားစု၊ ကသည်းစု၊ တရုတ်စု၊ မွန်စု၊ ယိုးဒယားစု၊ ယွန်းစု၊ ရခိုင်စု၊ ရှမ်းစု၊ လင်းဇင်းစု စသည်ဖြင့် ချထားပေးခဲ့တယ်။ အားလုံး ဘုရင့်အာဏာစက်တော် ညီညီညွတ်ညွတ်၊ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ခဲ့ကြတဲ့ သာဓကပါ။ ဝင်းတွေအနေနဲ့လည်း အင်္ဂလိပ်၊ပြင်သစ်၊ ပေါ်တူဂီ သံတမန်များနှင့် မျိုးနွယ်များအတွက် သံဝင်း၊ ဗရင်ဂျီဝင်း ဆိုတာတွေလည်း ရှိခဲ့တယ်။
ဗုဒ္ဓဘာသာကို အထူးအားပေး၊ ရတနာသုံးပါးဆက်ကပ်ပြီး နံနက်အရုဏ်တက်တာနှင့် တစ်မြို့လုံး ဆွမ်းခံ သံဃာတော်များရဲ့ သင်္ကန်းရောင်ဝါဝါလွှမ်းနေတဲ့ မန္တလေးရတနာပုံနေပြည်တော်မှာ မြို့တော်သူ၊ မြို့တော်သားဆိုတဲ့ တစ်သွေးတည်းအောက် အပေးအယူမျှတစွာ နေထိုင်ခဲ့ကြတယ်ဆိုတာ တစ်လျှောက်လုံး ဘာသာရေးဆိုင်ရာ ပဋိပက္ခစိုးစဉ်းမျှမရှိခဲ့ခြင်းကလည်း သက်သေပါပဲ။ ပေါ်တော်မူပြီးနောက် သူ့ကျွန်အောက်ရောက်ရပြန်တော့လည်း လူမျိုးဘာသာမခွဲခြားဘဲ မတရားအုပ်ချုပ်မှုဆိုတဲ့ ရန်သူအပေါ်မှာပဲ ညီညီညွတ်ညွတ် ခုခံတွန်းလှန်ခဲ့ကြတာပါပဲ။ ဒီလိုခုခံမှုတွေ၊ အုပ်ချုပ်သူအပေါ် မကျေနပ်မှုတွေစုစည်းအားကောင်းလာလို့ ကိုလိုနီအစိုးရ အာရုံလွှဲတဲ့အနေနဲ့ ၁၉၃၈ ခုနှစ်မှာ လူမျိုးရေးအထိကရုဏ်းတစ်ခုဖန်တီးခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ မန္တလေးကိုလည်း ရိုက်ခတ်ပေမယ့် တစ်လျှောက်လုံး ညီညွတ်စည်းလုံးခဲ့တဲ့ မန္တလေးမှာ
အရာမထင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကိုလိုနီအစိုးရရဲ့ လှည့်ကွက်ကို အကင်းပါးတဲ့လူထုတစ်ရပ်လုံးက သိရှိတဲ့နောက် နာမည်ကျော် ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာမဟုတ်ပါလား။ရဟန်းသံဃာတော်တွေသောင်းချီရှိတဲ့ မန္တလေးမှာလည်း အုပ်စိုးသူရဲ့ မတရားမှုတိုင်းကို သံဃာတော်တွေကပဲ ဦးဆောင်ကန့်ကွက်ဆန့်ကျင်ခဲ့ပါတယ်။ ဒီအထဲမှာ ရဟန်းပျိုအဖွဲ့ချုပ်ဆိုတာ အထင်အရှားပါပဲ။ ၁၉၃၈ လူမျိုးဘာသာရေးအထိကရုဏ်းမှာ ရဟန်းပျိုတွေကပဲ ထိန်းထိန်းသိမ်းသိမ်းနဲ့ လမ်းမှားမရောက်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။ ဘာသာခြားတွေရဲ့ဝင်းတွေ၊ အဆောက်အဦးတွေ၊ ဘာသာရေးဝတ်ကျောင်းတွေ၊ ဈေးဆိုင်တွေကို သံဃာတော်တွေက စောင့်ရှောက်ခဲ့ကြတယ်။ ဒီပုဂ္ဂိုလ်တွေဆိုတာကလည်း ဘာသာချင်းမတူပေမယ့် မနက်လင်းတာနှင့် ဆွမ်းခံကြွတဲ့ သံဃာတော်တွေကို မပြတ် ဆွမ်းလောင်းလှူကြတာတွေလည်း ရှိခဲ့ကြတယ်။ ဒါကြောင့် မန္တလေးမှာ အုပ်စိုးသူ မင်းအပါအဝင်၊ သဘာဝဘေးဒဏ်ကြီးတွေ၊ ဥပမာ-မန္တလေးမှာကြုံရလေ့ရှိတဲ့ မီးဘေးကြီးတွေတိုင်း ‘ဘေးအန္တရာယ်’ ဆိုတဲ့ရန်သူ၊ ‘အဓမ္မ’ ဆိုတဲ့ရန်သူကိုပဲ ပစ်မှတ်ထားပြီး လူမျိုးဘာသာမရွေးဘဲ သံဃာတွေက တားဆီးကာကွယ်ခဲ့ကြတဲ့ သာဓကတွေချည်း ရှိခဲ့တာပါပဲ။
မန္တလေးမှာ ဘာသာခြားတွေ စုဖွဲ့နေထိုင်ကြတဲ့ အစုတွေ၊ ဝင်းတွေမှာ မီးဘေးသင့်ရင် ပထမဆုံးရောက်လာငြှိမ်းသတ်ကြတာ သံဃာတော်တွေပါ။ ဒီ မီးလောင်ပြင်တွေကိုလည်း တောကြောင်တွေရဲ့ရန်က ကာကွယ်ဖို့ ဆွမ်းတစ်နပ်ပဲစားပြီး ၂၄ နာရီပတ်လုံး စောင့်ရှောက်ခဲ့ကြတာလည်း သံဃာတော်တွေပါပဲ။ ဒီလိုကျေးဇူးတွေကြောင့် မည်သည့်ဘာသာဝင်ဖြစ်စေ သံဃာတော်များကို လှူဖို့တန်းဖို့၊ ရိုသေကြည်ညိုကြဖို့ဆိုရင် မန္တလေးမှာ လက်မနှေးခဲ့ကြတဲ့ သာဓကတွေလည်း အများကြီးပါပဲ။
ဒါကြောင့် ၁၃၀၀ပြည့် အရေးတော်ပုံကြီးအစ သမိုင်းခေတ်တလျှောက်လုံး တိုင်းပြည်မှာကြုံတွေ့ခဲ့ကြရတဲ့ ‘အဓမ္မမှု’များကို ရဟန်းရှင်လူ ကျောင်းသားပြည်သူအားလုံးဟာ သူ့ကိစ္စ ငါ့ကိစ္စရယ်လို့မခွဲခြားဘဲ အတူပူးပေါင်းလက်တွဲ အသက်စွန့်ဆာင်ရွက်ခဲ့ကြတာပါ။ အဓမ္မမှုတွေအောက်က ပြည်သူလူထုဆိုတာ လူမျိုးဘာသာ ခွဲခြားပြီး သာစေ နာစေလိုမှ မရတာ..။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး