မြန်မာ့ရေလုပ်ငန်းကဏ္ဍ ပြည်ပတင်ပို့မှုအပိုင်းမှာ အခက်တွေ့နေ

အောက်တိုဘာ ၁၁ – ၂၀၂၂
SN (VOM)

လက်ရှိ မြန်မာ့ရေလုပ်ငန်းကဏ္ဍဟာ မွေးမြူထုတ်လုပ်မှု၊ ဖမ်းဆီးမှုနဲ့ ပြည်ပတင်ပို့ရောင်းချမှုအပိုင်းအားလုံးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရေထွက်ကုန် တင်ပို့ရောင်းချသူတွေဆီက သိရပါတယ်။

ကမ်းဝေး ငါးဖမ်းလှေတွေမှာ အဓိကအသုံးပြုရတဲ့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေမှုကြောင့် ဖမ်းဆီးမှုပိုင်းမှာလည်း အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရသလို ပြည်ပတင်ပို့ရောင်းချမှု အပိုင်းမှာလည်း ကွန်တိန်နာဈေး ကြီးမြင့်မှုနဲ့ ငွေကြေးစီးဆင်းမှုမှာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပါ။ နည်းပညာပိုင်းအရလည်း အားနည်းတယ်။ ဒါကိုမှ လျှပ်စစ်မီးအခက်အခဲ၊ ဒီဇယ်ဈေးနှုန်းကြီးမြင့်မှု၊ ကုန်သွယ်ရေးနဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေကြောင့် ပိုပြီးတော့ အဆင်မပြေဖြစ်ရတယ်။ ဖမ်းဆီးမှုအပိုင်းမှာ လိုအပ်ချက်တွေ အများကြီးရှိတဲ့အတွက် ငါးကုန်ကြမ်းရရှိမှုတွေလည်း လျော့နည်းနေပါတယ်” လို့ ရေထွက်ပို့ကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒါ့အပြင် ငါးမွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူရေးအစာ၊ ငါးသားပေါက်အပါအဝင် သွင်းအားစုစရိတ်တွေ ကြီးမြင့်တာတွေဖြစ်နေပြီး ထုတ်လုပ်မှုစရိတ်စကတွေလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ငါးဖမ်းရာသီက စက်သုံးဆီ တစ်ပေပါပေါက်ဈေးဟာ သုံးသိန်းဝန်းကျင်သာရှိခဲ့ပြီး လက်ရှိအချိန်မှာ ကျပ် ၈ သိန်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒီ့နှစ် ငါးဖမ်းရာသီက ကမ်းဝေးငါးဖမ်းလှေတစ်စီး လှေတစ်ခေါက်ထွက်စရိတ်ဟာ ငွေကျပ်သိန်းလေးရာ ကုန်ကျခဲ့ပေမယ့် လက်ရှိမှာတော့ ကျပ်သိန်းတစ်ထောင်ခန့်အထိ ကုန်ကျနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ ရေထွက်ပစ္စည်းတွေကို နိုင်ငံပေါင်း ၄၅ နိုင်ငံကို နှစ်စဉ်တင်ပို့နေတာဖြစ်ပြီး အသားကဏ္ဍအနေနဲ့ တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကတစ်ဆင့် အဓိက တင်ပို့လျက်ရှိပါတယ်။

ပုစွန်မွေးမြူရေးကို စီးပွားဖြစ်ဆောင်ရွက်ရာမှာ ပုစွန်သားပေါက်တွေကို အိမ်နီးချင်း ပြည်ပနိုင်ငံကနေ ဝယ်ယူတင်သွင်းနေရတဲ့အတွက် မြန်မာနိုင်ငံအတွင်း၌ ပုစွန်သားပေါက် ထုတ်လုပ်နိုင်ရေးကိုလည်း အစိုးရနဲ့ ပုဂ္ဂလိကတို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်လျက်ရှိတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။

Photo-RSCCI
#voiceofmyanmar #VOM #မြန်မာ့ရေလုပ်ငန်းကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW