ဧရာဝတီတိုင်းက ကမ်းခြေ ၃ ခုမှာ ၉ လအတွင်း ခရီးသွားဧည့်သည် ၅ သိန်းကျော်ရှိခဲ့ပြီး အရင်နှစ်ထက် ခရီးသည် ၁ သိန်းကျော် ပိုဝင်တယ်လို့ သိရ

အောက်တိုဘာ၊ ၁၂-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းထဲက ငွေဆောင်၊ ရွှေသောင်ယံနဲ့
ချောင်းသာကမ်းတို့ကို ယခုနှစ် ၉ လအတွင်းပြည်တွင်းနဲ့ ပြည်ပ ခရီးသွားဧည့်သည် ဦးရေ ၅ သိန်းကျော်ဝင်ရောက်ခဲ့ပြီး အရင်နှစ်တွေထက် ခရီးသည် တစ်သိန်းကျော် ပိုမိုဝင်ရောက်ခဲ့တယ်လို့ ဧရာဝတီတိုင်း ၊ ဟိုတယ်နဲ့ခရီးသွား ညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။

ကမ်းခြေ ၃ ခုကို ပြည်တွင်း၊ပြည်ပဧည့်သည်တွေဝင်ရောက်မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်က ခရီးသွားဧည့်သည် ဦးရေ ၂ သိန်း ၆ သောင်းကျော် ၊ ၂၀၂၁ခုနှစ်က ခရီးသည် ၄ သိန်းနဲ့ ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ခရီးသည် ၅၃၀၄၇၂ ဦးဝင်ရောက်ခဲ့တယ်လို့ သိရပြီး အဲ့ဒီ့ အထဲမှာ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၃၉၄၈ လည်းပါတယ်လို့ သိရပါတယ်။

”ဧည့်သည် ဝင်ရောက်မှုကတော့ တက်လာတယ် ၊ လက်ရှိ ပွင့်လင်းရာသီရောက်လာတော့ ဧည့်သည် ဝင်ရောက်တဲ့နှုန်းက တက်နေဆဲဖြစ်တယ် ၊ ဒီနှစ် ၉ လအတွင်း စက်တင်ဘာလကုန်အထိကို ပြည်တွင်းနဲ့ ပြည်ပ ခရီးသွားဧည့်သည် ၅ သိန်း နဲ့ ၃ သောင်းကျော်ဝင်ခဲ့တယ် ၊ ကမ်းခြေတွေမှာ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ အန္တရာယ်မဖြစ်စေဖို့နဲ့ ကမ်းခြေတွေ သန့်ရှင်းသပ်ရပ် သာယာလှပစေဖို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်နေတယ် ။”လို့ ဧရာဝတီတိုင်း ၊ ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တဦးကပြောပါတယ်။

ကမ်းခြေတွေကိုလာတဲ့ ဧည့်သည်တွေ လုံခြုံစေဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်
ရွက်ပေးထားပြီး ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံ ကမ်းခြေနဲ့ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ ဆက်စပ်ပြီး လည်ပတ်နိုင်ဖို့ကို သစ်တောဦးစီးဌာနက ဆင်စခန်းတွေနဲ့ မြွေကျွန်း စတဲ့ စိတ်ဝင်စားစရာ နေရာတွေကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ် ။

ဧရာဝတီတိုင်းမှာ သက်ဆိုင်ရာက လုပ်ငန်းလိုင်စင် ထုတ်ပေးထားတဲ့ ဟိုတယ်နဲ့ တည်းခိုရိပ်သာ အလုံးရေ ၁၂၀ ရှိပြီး ပုသိမ်မြို့နဲ့ တခြားဒေသတွေမှာ ၄၆ လုံး၊ ငွေဆောင်ကမ်းခြေမှာ ၃၅ လုံး၊ ချောင်းသာနဲ့ ရွှေသောင်ယံကမ်းခြေမှာ ၃၉ လုံးရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ခရီးသွားကဏ္ဏ

Related posts

Leave a Comment

VOM News

FREE
VIEW