ဆူးငှက်
ကောင်းကင်တစ်ခုလုံး မိုးသားတိမ်လိပ်တွေနဲ့ ပိတ်ဖုံးနေတယ်။ ဂျိုးဂျိုးဂျိမ့်ဂျိမ့် မိုးခြိမ်းသံတွေလည်း၊ ကောင်းကင်က နေရာအနှံ့…။ နေရောင်က ဘယ့်နှယ်လုပ် ဖြန့်ကျက်နိုင်မှာလဲ…။ မှောင်မည်းလုလု…။ မိုးတွေမည်း မိုးတွေ ထစ်ချုန်းနေသလောက် မိုးကတော့ ဝုန်းဒိုင်းကြဲ သည်းသည်းမည်းမည်း မရွာသေးပါဘူး။ ခပ်ဖွဲဖွဲလေးတော့ ကျနေပါသေးတယ်။ မနက်မလင်းခင် ကတည်းက ရွာနေတဲ့မိုးကြောင့် မန္တလေးဟာ ထုံးစံအတိုင်း ဘာအလုပ်မှ မလုပ်တော့ဘူးပေါ့။ ကတ္တရာလမ်းပေါ်မှာ မသွားမဖြစ်လူတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေ၊ မြင်းလှည်းတွေပဲရှိတယ်။ ကျွန်တော်တို့ အမှတ်(၁)အထက်တန်းကျောင်းကလည်း အတန်းပိုင်ဆရာမ ဒေါ်ခင်မြမြအေးက မိုးရွာပြီး ကျောင်းသား မစုံတော့ အတန်းဆင်းပေးလိုက်ပါပြီ။ ဒါကြောင့် ထမင်းစားကျောင်းမှာ ကျွန်တော်တို့လည်း မိုးဖွဲဖွဲမှာ အိမ်ပြန်ကြရပါတော့တယ်။ သူငယ်ချင်းတွေက မစိုးရိမ်ရုပ်ရှင်ရုံမှာ ရုပ်ရှင်ဝင်ကြည့်ရအောင်လို့ အဖော်ညှိတယ်။ တချို့က ရေနီမြောင်းသွားပြီး ရေချိုးကြရအောင်တဲ့။ တချို့က နန်းတွင်းသွား ရေကူးကြမယ်ပြောတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ပြောတဲ့နေရာ တစ်နေရာကိုမှ စိတ်မဝင်စားဘူး။ ကျွန်တော်သွားချင်တဲ့နေရာက တစ်နေရာ။ ဘယ်သူ လိုက်လိုက် မလိုက်လိုက် ကျွန်တော်ကတော့ အဲဒီနေရာပဲ သွားမယ်။ တကယ်ဆို မနက်ကတည်းက ကျွန်တော် ကျောင်းသွားချင်လှတာ မဟုတ်ဘူး။ ဆရာမကို ကြောက်လို့သာ သွားရတာ။ အခုလို ကျောင်းဆင်းပေးလိုက်တော့ ပျော်လိုက်တာ မပြောပါနဲ့တော့။
ဒီကနေ့ တန်ဆောင်မုန်းလဆန်း ၇ရက်နေ့ မဟုတ်လား။ ဈေးချိုထဲမှာ ဒီနေ့ ကထိန်တွေအများကြီးရှိတယ်။အေ ရုံ၊ ဘီရုံ၊ရွှေဆိုင်တန်း၊ ပန်းတန်း၊ တောင်မလွယ်၊ ဂျီ ရုံနဲ့ မုန့်စုံတန်းမှာ ကထိန်တွေ ရှိတယ်။ မိုးအေးအေးမှာ ဈေးချိုရုံတွေထဲ ကထိန်မှာ ကပြကြမယ့် အငြိမ့်တွေကို သိပ်ကြည့်ချင်ပါတယ်။ ဘယ်ရုံ၊ ဘယ်အတန်းမှာ ဘယ်သူ့အငြိမ့် ရှိမလဲ မသိဘူး။ ဒါကြောင့် ဘီလမ်းအတိုင်း ခပ်သွက်သွက်လျှောက်ပြီး ခန်းမ(၂)အောက်ကနေ တောင်ဘက်ကို အပြေးအလွှား ဝင်လိုက်ပါတယ်။ စီ ရုံဘေးက အုန်းထမင်းဆိုင်တွေနား ရောက်တော့ အေရုံထဲမှာ “မြို့မ”ရှိသတဲ့။ ဒါကြောင့် အေရုံဘက် သုတ်ခြေတင်ရတာပေါ့။
ဈေးချို အေရုံဆိုတာ ဆန်နဲ့ ကောက်ပဲသီးနှံရောင်းတဲ့ ရုံကြီးပါ။မြောက်ဘက်တန်း အနောက်ဘက်ဆုံးမှာ ရှိပါတယ်။ အခြားရုံတွေနဲ့ မတူတာက ရုံကြီးတစ်ရုံလုံး ဆိုင်ခန်း အကန့်တွေ ခုံတွေမရှိဘူး။ Hall ပုံစံ ရုံကြီးပါပဲ။ ပဲအိတ်တွေ၊ ဆန်အိတ်တွေ၊ အထပ်လိုက် စီထားတာတွေပဲရှိတယ်။ ရုံထဲဝင်လိုက်တော့ “မြို့မ”တူရိယာ အသင်းက တီးမှုတ်တောင်နေပါပြီ။ ပရိသတ်ကလည်း အများကြီးမဟုတ်ဘူး။ ခပ်ငြိမ့်ငြိမ့်လေး တီးမှုတ်နေတာက ရုံကြီးထဲမှာဆိုတော့ ဟိန်းလို့ပေါ့။ ပရိသတ်ကြား တိုးဝင်ကြည့်လိုက်တော့ အဆိုတော်တစ်ယောက်က “ဘုတ်တလုတ်ကန်”ဆိုတဲ့ သီချင်းကို
သီဆိုနေပါတယ်။
“ရှေးရှေးတုန်းခေတ်ကရယ်
မန်းမြို့တွင်
နတ်နန်းသဖွယ်…
ထင်ယောင်မြင်သေး
ဘုရင်သွေး
ပျော်ကြတယ်…တဲ့။”
သီဆိုသံက အသံခပ်ပါးပါးလေး။ ဒါပေမယ့် အဆိုက ပါးနပ်လှပါတယ်။ ကိုယ်ဟန်နွဲ့နွဲ့။ အဝတ်အစားက ခပ်ယဉ်ယဉ်။ တစ်ပတ်လျှို ဆံထုံးလေးနဲ့။ ထူးခြားတာက မျက်လုံးလေး မှေးစင်းနေခြင်းပါ။ သူ..သူ့ကို မြင်ဖူးတယ်။မြင်ထူးတယ်။ ဘယ်သူပါလိမ့်…ဘယ်သူပါလိမ့်။ ဒီအသံနဲ့ ဘုတ်တလုတ်ကန်၊ ဒီမျက်ဝန်းမှေးစင်း…။အား…ဒါဆိုရင် သူဟာ အဆိုတော် “ထား”ပဲပေါ့။ ဟုတ်တယ်။ “ထား”ပါပဲ။
အဲဒီတုန်းက အဆိုတော်ထားတို့ မိသားစုက မန္တလေးစိန်ပန်းရပ်ထဲမှာ နေကြပါတယ်။ မိုးက ခပ်ဖွဲဖွဲလေး ရွာနေပြီ။ ဒါပေမယ့် ဝုန်းဒိုင်းကြဲ မဟုတ်သေးဘူး။ အသံမထွက်ဘဲ ရွာနေတဲ့ မိုး။ ဒါကြောင့် အေရုံထဲက မြို့မတီးဝိုင်းရဲ့ သီသံ ဆိုသံ တီးသံ မှုတ်သံတွေကို အနှောင့်အယှက် မဖြစ်ပါဘူး။ အနှောင့်အယှက် မဖြစ်ရုံမက အေးအေးဆေးဆေး သက်သက်သာသာ ပါပဲ။ အဆိုပိုဒ်မှာ မြို့မဦးငြိမ်းလေးရဲ့ တယောလေးကနွဲ့လေး အပီလိုက်ပေးပါတယ်။
“…ထိုအချိန်ဝယ် လတပေါင်းမို့
ညှာညောင်းပြောင်းတယ်
ဟောင်းရွက်ညှာကြွေသံ
ပဉ္စသိံမောင် စာင်းသံညှင်းသလို
ဘဝင်အေးပိုမို
နဝင်တေး ချိုချို၊ ရွှေနန်းတော်တွင်း ကြာမျိုးသင်းတယ်။
ဘုတ်တလုတ်ခေါ် ကန်တော်တွင်းမယ်
အပေါင်းအဖော်များရယ်
နုနုပြုံးပြုံးသနားစဖွယ်
စုစုရုံးရုံးများရယ်
တူတူပုန်းတမ်းကစားကြပါသတဲ့ကွယ်..”တဲ့။
အဲဒီနေ့က အဆိုတော်”ထား”ကလည်း သီချင်းအများကြီး ဆိုသွားတယ်။ သန်းမြတ်စိုးကလည်း လူမိုက်နှင့်ငွေတို့၊ပြည်တော်ဝင်တို့၊ တောင်ပြုန်းတို့ သီချင်းတွေ ဆိုသွားတယ်။
ကျွန်တော်တော့ အခုလို ကထိန်ပွဲရာသီရောက်ရင် ဈေးချိုထဲက ကထိန်တွေကို သိပ်သတိရတာပဲ။ တန်ဆောင်မုန်း လဆန်း ၇ရက်နေ့ရယ်၊ လဆန်း ၁၃ရက်နေ့ရယ်ဆို အစည်ဆုံးပါပဲ။ ဟိုရုံက သည်ရုံ၊ ဟိုအတန်းက သည်အတန်း ကူးကူးပြီး ပွဲကြည့်ကြရုံပါပဲ။ဈေးချိုလို ထိပ်တန်းနေရာမှာ နေ့လယ်ပွဲ တစ်ချိန်တည်း “က”ကြရတော့ အဝတ်အစားကအစ ခိုလို့မရဘူး။ အားကြိုးမာန်တက် “က”ကြရတာပေါ့။
ဈေးချိုမှာ ပြောစမှတ်ဖြစ် ကျန်ရစ်တာ ကထိန်ပွဲတွေပါ။ အရောင်းအဝယ်သမား မြို့မျက်နှာဖုံး ရွာနေပြည်ထိုင်များဆိုတော့ အလှူအတန်းကလည်း ရက်ရောကြတယ်။ ကထိန်တွေမှာ အပြိုင်အဆိုင် လှူကြ တန်းကြပါတယ်။ ဒါကြောင့် ဈေးချိုကထိန် ဆိုတာ အကြီးအကျယ် လှူကြတန်းကြတဲ့ ပွဲပါ။ အပြိုင်အဆိုင် အငြိမ့်ခံကြတဲ့ ပွဲပါ။ ဈေးရောင်းရင်း လာသမျှ လူဧည့်ခံရင်း၊ ရုံထဲမှာ လှူဖွယ် မဏ္ဍုပ်ကြီးကို ခင်းကျင်းပြီး ဆိုင်ပေါ်ကနေ အငြိမ့်ကြည့်ကြရတဲ့ နေ့ခင်းပွဲဆိုတာ မြန်မာပြည်မှာ ဒီတစ်ပွဲတည်း ရှိမှာပါ။ ရုံထဲမှာ ရောင်းချကြတဲ့ ဈေးသည်တွေနဲ့ အငြိမ့်မင်းသမီးတွေနဲ့ လူရွှင်တော်တွေဆိုတာ အသိအကျွမ်းတွေချည်းဆိုတော့ စင်ပေါ်ကနေ စကြ၊ပြောင်ကြ၊နောက်ကြနဲ့ ပျော်စရာကြီးပါ။ မန္တလေးရဲ့ နာမည်ကြီး အငြိမ့်တွေဖြစ်တဲ့ သစ်လွင်တို့၊ ရတနာပုံတို့၊ လမင်းတရာတို့၊ ရွှေ ရတနာတို့၊ အောင်မြေအေးတို့၊ မြို့တော် တို့ကို တစ်ရက်တည်း တစ်နေရာတည်း ဟိုစင် သည်စင် ကူးပြီး ကြည့်ရပါတယ်။
နောက်ပိုင်း နှစ်တွေရောက်တော့ မန္တလေးသိန်းဇော် နာမည်ကြီးလာတဲ့အခါ ရွှေဆိုင်တန်း ကထိန်ဆိုရင် နှစ်တိုင်း လာပြီး ကပြလေ့ရှိတယ်။ မန္တလေးသိန်းဇော် နာမည်ကြီးတာနဲ့ တစ်ချိန်တည်း မန္တလေးShellတီးဝိုင်းက အမြဲပါတယ်။ အဲဒီနေ့ဆိုရင် အလယ်ပေါက်ကြီး တစ်ခုလုံး တစ်ညှပ်ပိတ်ဆို့ သွားတော့တာပေါ့။ ဒီလိုပါပဲ သစ်သီးတန်း ကထိန်အတွက် ဈေးရုံအရှေ့ဘက်မှာ Shellပါတယ်ဆိုရင် သစ်သီးတန်း၊ ထိုးမုန့်တန်းမှာ လူတွေ ပိတ်ဆို့သွားလိုက်တာ သံဖြူတန်းကြီးအထိ ရောက်ရော။ အဲဒီ နောက်ပိုင်း ဈေးချိုကထိန်တွေမှာ မန္တလေးအငြိမ့်တွေ၊ မြို့မလို တီးဝိုင်းတွေအပြင် ခေတ်ပေါ် စတီရီယိုဝိုင်းတွေပါ နေရာယူလာပါပြီ။ ၁၉၈ဝနဲ့ ၈၇ အကြား ကာလတွေပေါ့။ စတီရီယိုဝိုင်းတွေက နောက်ပိုင်းမှာ ရန်ကုန်က နာမည်ကျော် အဆိုတော်တွေ၊ ရုပ်ရှင်မင်းသမီးတွေလည်း ပါဝင် လာကြပါတယ်။
ရှေးကတော့ ဈေးချိုကထိန်တွေဟာ မန္တလေးမှာ ခင်းကျင်းပြီး ဧရာဝတီမြစ် အနောက်ဘက် စစ်ကိုင်းတောင်ရိုးက ချောင်တွေမှာပဲ လှူကြတာပါ။ စစ်ကိုင်းတောင်ရိုး ရှင်ဖြူရှင်လှ ဘုရားကြီးအထက်မှာ “ဈေးချိုချောင်”ဆိုတာ ရှိပါတယ်။ဈေးချို ကထိန်တွေက စုပြီး အဆောက်အအုံတွေ လှူတန်းထားကြတာပေါ့။ စစ်ကိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတိုင်း၊ချောင်တိုင်းမှာ ဈေးချိုကထိန်တစ်ခုခုက လှူထားတဲ့ ကျာင်းတစ်ကျောင်းကတော့ အနည်းဆုံး ရှိတတ်ပါတယ်။
၁၉၉ဝ နောက်ပိုင်း ဈေးရုံ ရုံဟောင်းကြီးတွေ ဖျက်ပြီး အခု အဆင့်မြင့် ရုံသစ်ကြီး တည်ဆောက်ပြီးတဲ့အခါ ဈေးချိုကထိန်တွေရဲ့ အနေအထားက အများကြီး ပြောင်းလဲသွားပါတယ်။အရင်လို ရုံထဲမှာ အငြိမ့်က ပွဲကလို့ မရတော့ပါဘူး။ဈေးချိုသူ၊ဈေးချိုသား ဆိုတာကလည်း ပြောင်းလဲကုန်ကြတော့ “ရိုးရာ”ကို ကြိုက်နှစ်သက်သူတွေ ပါးလျားကုန်တယ်။ အငြိမ့် မကြည့်ချင်ကြတော့ဘူး။ မြို့မ နားမထောင်ချင်တော့ဘူး။ နာမည်ကြီး စတီရီယိုအဆိုတော်တွေ မဟုတ်တောင်မှ မန္တလေးရဲ့ စားသောက်ဆိုင်ကြီးတွေက မြို့ကျော်၊ ရပ်ကျော် ကာရာအိုကေမလေးတွေ လောက်တော့ အနည်းဆုံးပါမှ ဘဝင်ကျကြတော့တယ်။
ကျွန်တော်ကတော့ ခေတ်နောက်ကျတယ်ပြောပြော၊ အဟောင်းအဆွေးမှ သဘောကျတယ်ပြောပြော၊ တန်ဆောင်မုန်း မိုးစွေစွေမှာ အရင်ရှေးတုန်းကလို အေ ရုံထဲက မြို့မမှာ တယောသံလေး တအိအိနဲ့
“မြင်စမ်းချင်တယ်
တံတားငယ်များရယ် အသွယ်သွယ်
ကျောက်လိုဏ်ခေါင်းလေးတွေ ပါတယ်၊
ကြည်နူးစေမယ်
ပန်းစပယ် နန်းလယ်မှာကွယ်
မွှေးထုံသင်းတဲ့ အခါတွင်းမယ်
ကြည်နူးစေမယ်
မြင်စမ်းချင်တယ်
နတ်တို့ ဖန်တယ် ကြာမျိုးစုံသင်းတယ်
ဘုတ်တလုတ်ခေါ် ကန်တော်တွင်းမယ်
အပေါင်းအဖော်များရယ်…”ဆိုတဲ့ သီချင်းလေးနဲ့ ဈေးချိုနေ့ပွဲတွေကို လွမ်းဆွတ်လှပါတယ်လို့ပြောရင် အခုဈေးချိုတော် ကံ့ကော်ရုံ၊ နှင်းဆီရုံ၊မြလေး ရုံ၊ စံပယ်ရုံတဲ့ ရုံတွေက ဈေးချိုသူဈေးချိုသားလေးတွေက ခေါင်းရှုံ့ကြတော့မှာ သချာပါတယ်။
ကျွန်တော်တို့က “ထား”နဲ့ ရင်ခုန်တဲ့ ခေတ်ကိုး ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး