ကော့ကရိတ်တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေ

မတ် ၂ – ၂၀၂၅
SS (VOM)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ နစကတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းကစလို့ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားမှု ပိုမို ပြင်းထန်လာနေတာဖြစ်ပြီး နစက က ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ – ၁၂)၊ ကျုံဒိုး၊ နဘူးနဲ့ ခြေလျင်တပ်ရင်း (ခလရ – ၉၇) အပါအဝင် အောင်ဇေယျစစ်ဆင်ရေး၊ ရှေ့တန်းကွပ်ကဲရေးစခန်း၊ ရွှေကြက်မင်း ဘုန်းကြီးကျောင်း စခန်းတို့ကနေ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“နစကဘက်က လက်ရှိ တပ်မဟာ (၆) နယ်မြေ အောင်ဇေယျ စစ်ဆင်ရေး အောင်မြင်ဖို့၊ ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်းကို ပြန်လည် စိုးမိုးနိုင်ဖို့ ထိုးစစ်မရတာကြောင့် ကျားဖြန့်အကြောင်းပြ ဗျူဟာ ဖော်ဆောင်ခဲ့ပေမယ့်လည်း ထိရောက်မှု မရှိခဲ့ဘူးပေါ့။ အဲဒါကြောင့် လေကြောင်းကနေ ထိုးစစ်ဆင်နိုင်ဖို့အတွက် ဒရုန်း​တွေကိုလည်း ကော့ကရိတ်မြို့ကို ပို့ဆောင်ထားတယ်လို့ သိရတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာ ကျုံဒိုး၊ နဘူး၊ စကခ – ၁၂ ၊ ခလရ – ၉၇ တပ်၊ ရွှေကြက်မင်းကုန်းတွေကနေ နစကရဲ့ ဒရုန်းတွေ နေ့ရောညရောပါ ပျံသန်း ကင်းထောက်နေပြီး ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုတွေပါ ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ နစကရဲ့ဒရုန်းတွေ ကင်းထောက် ပျံသန်းနေမှုတွေကို KNLA မဟာမိတ် ပူးပေါင်းတပ်တွေက တန်ပြန် ဒရုန်းတွေနဲ့ တိုက်ခိုက်ဖို့ လုပ်ဆောင်နေသလို မြေပြင် စစ်ကြောင်းတွေနဲ့လည်း ပိတ်ဆို့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် KNLA ပူးပေါင်းတပ်တွေဟာ မြဝတီမြို့ကို ဦးတည်နေတဲ့ အင်အား ထောင်နဲ့ချီတဲ့ အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက် ပိတ်ဆို့ထားတယ်လို့ ​ပြောပါတယ်။
KNLA ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နဲ့ မြဝတီမြို့စောင့်တပ် ခမရ – ၂၇၅ တို့ကို တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူနိုင်ဖို့ အင်အား ၁၀၀၀ ကျော် ပါဝင်တဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ စီမံကွပ်ကဲမှုနဲ့ ဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အောင်ဇေယျ စစ်ကြောင်းဟာ မြဝတီမြို့ကို လေးရက်နဲ့ အရောက် ချီတက်မယ်လို့ ကြွေးကြော်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ဖားအံနဲ့ မော်လမြိုင်ဘက်ကနေ ချီတက်လာခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အောင်ဇေယျစစ်ဆင်ရေးဟာ အချိန် တနှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။⁩
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW