ကျိုင်းတုံ – တောင်ကြီးလမ်းမပေါ် စပါယ်ရှယ်တောင်အဆင်းမှာ ခရီးသည်တင်ကား ချောက်ထဲကျလို့ လူ ၂၀ ကျော်ဒဏ်ရာရရှိပြီး သေဆုံးသူလည်းရှိ

မတ် ၂၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံ – တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ကျိုင်းတုံမြို့အကျော်က စပါယ်ရှယ်တောင် အဆင်းမှာ မတ်လ ၁ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က ခရီးသည်တင် ယာဉ်တစီး ချောက်ထဲပြုတ်ကျသွားလို့ ခရီးသည် ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိပြီး ၇ ဦး သေဆုံးကြောင်း မီးသတ်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေဆီက သိရပါတယ်။
“ထိခိုက်သေဆုံးမှု update က အတည်မပြုနိုင်သေးဘူး။ ကျနော့် တပည့်တွေ သွားရောက် ကူညီနေတာ ပြန်တော့ မရောက်သေးဘူး။” လို့ တိုင်းနေ နာရေးကူညီမှုအသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ကျိုင်းတုံ-တောင်ကြီးလမ်း စပါယ်ရှယ်တောင် အဆင်းမှ ခရီးသည် ၂ဝ ကျော်စီးလာတဲ့ ယာဉ်အက်စီးဒင့်ဖြစ်တာလို့ ဆိုပါတယ်။
“ဒဏ်ရာရရှိသူက ၂၀ ကျော်တယ် လို့ ကြားတယ်။ သေဆုံးသူက အတိအကျ မသိရဘူး” လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။
တာချီလိတ် ကနေ ရန်ကုန် သွားတဲ့ GI Expess ဖြစ်ပြီး ကျိုင်းတုံ အကျော် စပယ်ရှယ်တောင် အနီးမှာ တောင်အောက်သို့ ပြုတ်ကျ သွားတာလို့ ဆိုပါတယ်။
အခင်း ဖြစ်ပွားရာသို့ ကျိုင်းတုံမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း၊ ပရဟိတအသင်းများနဲ့ တာဝန်ရှိသူများ သွားရောက်ကယ်ဆယ်ခဲ့ပြီး မတ်လ ၁ ရက်နေ့ည ၁၁နာရီဝန်းကျင် ခန့်က လူနာ ၂၀ ကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
မတ်လ ၂ ရက်နေ့ မနက် ၂ နာရီ အချိန် အထိ update သတင်း အရ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား ၁၄ ယောက်၊ အမျိုးသမီး ၁၈ ယောက်ထဲက အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၂ ယောက် သေဆုံးကြောင်း မီးသတ် ဦးစီးဌာနက သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။
ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်၊ လက်ပံကွေ့ ၁၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ) ကြားမှာ မတ်လ ၁ ရက်နေ့ည ၈ နာရီခန့်က တာချီလိတ် ကနေ မန္တလေး ဘက် မောင်းလာတဲ့ ခရီးသယ်ယာဉ် တစီး လမ်းဘေးသို့ ထိုးကျသွားတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Photo Crd# တိုင်းနေနာရေးကူညီမှုအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW