ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ငွေပေးချေမှု တင်းကျပ်တာကြောင့် ကုန်သည်တွေ အဆင်မပြေဖြစ်နေ

နိုဝင်ဘာ ၂ – ၂၀၂၂
SN (VOM)

လက်ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ ငွေပေးချေမှု တင်းကျပ်လိုက်တာဟာ ကုန်သည်တွေအတွက် အဆင်ပြေမှု မရှိနိုင်‌ဘူးလို့ မြဝတီနယ်စပ်ကုန်သည်တွေက ပြောပါတယ်။

စီးပွား/ကူးသန်း ဝန်ကြီးဌာနရဲ့ကုန်သွယ်ရေးဦးစီးဌာန အနေနဲ့ လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးက ငွေပေးချေမှုပုံစံတွေကို စတင် ကန့်သတ်လာနေပြီး ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုမယ်လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။

“သွင်းကုန်၊ ထုတ်ကုန်ကိုပေးထားတဲ့ အခွန်ကို အားမရသေးတော့ ဘဏ်နဲ့ချိတ်ဆက်ပြီးမှ လုပ်ရမယ်ဆိုပြီး တင်းကျပ်တာ။ ဒေါ်လာကို သူတို့သတ်မှတ်ဈေးနဲ့ ပြင်ပစျေး ကွာဟနေတဲ့အခါကျတော့ ရှုံးမှာပဲ” လို့ မြဝတီနယ်စပ် ကုန်သည်တဦးက ပြောပါတယ်။

အဲ့ဒီ့လို ဘဏ်စနစ်နဲ့ ဆောင်ရွက်တဲ့နေရာမှာ သွင်းကုန်တွေအတွက် ငွေပေးချေဖို့ အသုံးပြုရမယ့် နိုင်ငံခြားငွေကို ပို့ကုန်တင်ပို့ခြင်းက ရငွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့လုပ်ခ/လစာ လွှဲပို့ငွေတွေ အပါအဝင် တခြားဝင်ငွေတွေကိုသာ သုံးစွဲရမယ်လို့ သတ်မှတ်ထားပြီး အခု ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ နောက်ပိုင်းမှ ဝင်ရောက်တဲ့ ဝင်ငွေကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အဲ့ဒီရငွေတွေကို အသုံးပြုပြီး သက်ဆိုင်ရာ ဘဏ်တွေကတဆင့် သွင်းကုန်အတွက် ငွေပေးချေမှုတွေကို ပေးချေဆောင်ရွက်ရမယ်လို့ ပြောထားပါသေးတယ်။

”‌ရေရှည်သွားဖို့ အဆင်မပြေနိုင်လောက်ဘူး။ ဒီလုပ်ငန်းက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာဆို‌တော့ ကုန်သည်ကရှုံးလို့ ပြည်တွင်းထွက်ကုန် ပြန်ဝယ်ရတဲ့အခါ စျေးနိမ့်ဝယ်နဲ့ အကုန်အဆင်မပြေမယ့် ကိစ္စကြီးပါ။ လက်ရှိကတော့ Earning စနစ်နဲ့ သွားကြည့်ရမှာပေါ့လေ။ Earning စနစ်ဆိုတာက ပို့ကုန်ရငွေကို ပြန်မယူဘဲ တန်ဖိုးညီကုန်ပစ္စည်း ပြန်လည်တင်သွင်းတဲ့သဘောပေါ့။ ဒီစနစ်နဲ့ အရင်သွားကြည့်ရမှာပဲ” လို့ သူက ပြောပါတယ်။

ကုန်ပစ္စည်းတင်သွင်းဖို့အတွက် ဘဏ်စာရင်းထဲမှာ ငွေကြိုတင် ဖြည့်တင်းထားဖို့ လိုအပ်ပြီး ဘဏ်လက်ကျန် ရှိသလောက်သာ သွင်းကုန် ခွင့်ပြုပေးတော့မှာဖြစ်တာကြောင့် ဘဏ်စနစ်နဲ့ ဆောင်ရွက်ရာမှာ ကနဦးအဆင့်အနေနဲ့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ စတင်ကျင့်သုံးတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

“အခုလိုတင်းကျပ်မှုကြောင့် တရားမဝင်ကုန်သွယ်မှု ဖြစ်လာမလားဆိုတော့ တရားမဝင် ကုန်သွယ်မှုကတော့ အစကတည်းကကို ကြီးထွားနေတာပါ။ သူတို့က အခွန်ငွေ တရားဝင်မရလိုက်တာဘဲရှိတယ်။ သူ့လက်အောက်က လူတွေကတော့ ရကြပါတယ်။ တရားမဝင်ကုန်သွယ်မှုက သူတို့ခွင့်မပြုရင် လုပ်လို့မရပါဘူး။ သူတို့ကိုပိုက်ဆံပေးမှ သူတို့ခွင့်ပြုမှ ဒီလမ်းကြောင်းကိုလွှတ်ပေးတာ။ လုပ်စားအကွက်တွေ ပေါ်လာဦးမှာပေါ့” လို့ နောက်ထပ် နယ်စပ်ကုန်သည်တဦးက ပြောပါတယ်။

ဒါ့အပြင် ကြေညာချက် အကြုံးမဝင်တဲ့ အောက်တိုဘာ ၃၁ ရက်အထိ ထုတ်ပေးထားတဲ့ သွင်းကုန်လိုင်စင်တွေကိုလည်း နိုဝင်ဘာလ ၃၀ ရက်မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်း မတင်သွင်းဘူးဆိုရင် သွင်းကုန်လိုင်စင် ပျက်ပြယ်မယ်လို့လည်း အသိပေးထားပြန်ပါတယ်။

Photo Crd – Original Uploader
#VOM #voiceofmyanmar #နယ်စပ်ကုန်သွယ်ရေး #ငွေပေးချေမှုအခက်အခဲ

Related posts

Leave a Comment

VOM News

FREE
VIEW