ကျောက်တော်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုတစုလုံးသေဆုံး

နိုဝင်ဘာ ၁- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ညအချိန် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ပိစီကျေးရွာက မိသားစု တစုလုံးဟာ နေရာမှာပဲသေဆုံးလျက်တွေ့ရတယ်လို့ ဆွေမျိုးတွေက ပြောပါတယ်။

အဲဒီ သေဆုံးသွားတဲ့ မိသားစုမှာ မိဘနှစ်ပါးနဲ့ သမီးဖြစ်သူတို့ ၃ ဦးလုံးသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ မနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ ရုတ်တရက်လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲလာတာဖြစ်တယ်လို့ သေဆုံးသွားတဲ့ မိသားစုနဲ့ ဆွေမျိုးတော်စပ်သူတဦးက VOM ကိုပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆွေမျိုးတော်စပ်သူတစ်ဦးပြောတာက” ကျနော်တို့ရွာဘက်ကို လက်နက်ကြီးကျည် ၄ လုံး လာကျပါတယ်။ အဲဒီမှာ ဒုတိယတစ်လုံးက အခုသေသွားတဲ့ မိသားစုအိမ်မှာကျတာ။ အဲဒီမှာ ကျနော့် တူမလေးရော၊ အမိနဲ့ အဖ ပါသေဆုံးသွားပါတယ်။” လို့ ပြောပါတယ်။

ပိစီကျေးရွာက သေဆုံးသွားတဲ့ မိသားစု ၃ ဦးကတော့ ဦးစိုးဝင်း အသက် (၄၅) နှစ်၊ ဒေါ်စန်းစန်းဝေ အသက် (၄၂) နှစ်နဲ့ အသက် (၁၃) နှစ်အရွယ်သာရှိသေးတဲ့ မဖြိုးစုဝေ တို့ဖြစ်ပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ​တစစီပြတ်ထွက်သွားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ သေဆုံးသွားတဲ့ ဒေါ်စန်းစန်းဝေရဲ့ မောင်ဖြစ်သူကပြောပါတယ်။

” ကျနော့် အစ်မတို့မိသားစု အခုလို အဖြစ်ဆိုးနဲ့ သေဆုံးသွားတဲ့ဖြစ်ရပ်ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ နိုင်ငံတကာအနေနဲ့လည်း ဒီလိုကိစ္စတွေအပေါ် အကောင်းဆုံးဖြစ်အောင်လုပ်ပေးစေချင်ပါတယ်။” လို့ ပြောပါတယ်။

ကျေးရွာတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူသေဆုံးသွားတဲ့အပြင် နေအိမ်တချို့ပျက်စီးသွားပြီး နွားတွေလည်း သေဆုံးသွားတယ်လို့ သူကဆက်ပြောပါတယ်။

သူတို့ကို ဒီကနေ့ ညနေပိုင်း ၃ နာရီခွဲက ကျေးရွာသုဿန်မှာ မီးသ​င်္ဂြုဟ် ခဲ့ကြောင်းသိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်နဲ့ အေအေတို့ရဲ့ တကျော့ပြန် ပြည်တွင်းစစ်ရေးပဋိပက္ခအတွင်း အရပ်သားထိခိုက်သေဆုံးမှု တနေ့တခြားမြင့်တက်လာနေကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မူလတန်းပြဆရာမတဦးနဲ့ ၈ နှစ်အရွယ် ကလေးတဦးအပါအဝင် ၃ ဦး သေဆုံးသွားတာ်လို့ သိရပါတယ်။

Photo – မြတ်နိုင်ထွန်း(Facebook)
#VOM #voiceofmyanmar #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW