လုံဂျာတောင်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

နိုဝင်ဘာ ၂၊ ၂၀၂၂
Shy V (VOM)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့မှ ၂ မိုင်ခန့်အကွာမှာ တပ်နဲ့ ကေအိုင်အေ တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါသည်။

“အခု ဒီမနက် ၁၀ နာရီ ၁၅ လောက်ကစ လုံဂျာ တောင်ခြေမှာ တိုက်ပွဲဖြစ်တယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

လုံဂျာ တောင်ခြေ၊ စိမ်ဒူကုန်းမှာ နေရာယူ စခန်းချနေတဲ့ တပ် တွေကို ကေအိုင်အေဘက်က ဒရုန်းနဲ့ ဗုံးလာရောက်ပစ်ခတ်ရာကနေ တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ကေအိုင်အေ နဲ့ နီးစပ်သူ ၁ ဦး က ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ မိုးမောက်မြို့ထဲမှာ တပ်က နားနေရာကနေ စထွက်လာချိန် ဗုံးပေါက်ကွဲခဲ့တာကြောင့် လက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“နောက်လှည့်ကြည့်လိုက်တော့ စစ်သားတွေ လမ်းလျှောက်နေတဲ့ နေရာတည့်တည့် မီးခိုးလုံးကြီးတွေ ထွက်နေတယ်။ သူတို့ရဲ့ လက်နက်ကြီးခုံ ထားတဲ့ နေရာ လှုပ်ရှားသံ ကြားလိုက်တယ်။ အဲဒီနောက်မှာတော့ ကျနော့်ရဲ့ ဘယ်ဘက် အခြမ်းဘက် လက်နက်ကြီး လက်နက်ငယ်၊ ၄၀ မမ တွေရော ပစ်ထည့်တယ်။ ကျနော်လည်း ဆိုင်ကယ်ကို အကွေ့ခံသွားတဲ့အထိ မိုင်ကုန် မောင်းသွားတယ်။ ကျနော်နဲ့ ဒဲ့တိုး ဖြစ်သွားတာ။ တော်တော်လေး ပြေးခဲ့ရတယ်။ စစချင်း ထွက်လာတာမို့ ထိခိုက် ဒဏ်ရာရဖို့များတယ်။ တပ်က ချက်ချင်း ကားနဲ့ ဗန်းမော်ဘက် တင်ပြီးဆင်းသွားတယ်။” လို့ မျက်မြင် ဒေသခံ ၁ ဦးက ရှင်းပြပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းကလည်း မိုးမောက်မြို့ရှိ ကက်သလစ် ဘုရားကျောင်းဝင်းက မူကြိုကျောင်းပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ အဆောက်အဦး ထိခိုက်ပျက်စီး ခဲ့တဲ့ အပြင် ကက်သလစ် ဘုရားကျောင်းက စိုက်ပျိုးမွေးမြူရေးခြံမှာလည်း အမြှောက်ကျည်လာကျတာရှိပြီး ညပိုင်းမှာ ဗန်းမော်မြို့မှာလည်း ဗုံး ၂ ခါ ပေါက်ကွဲခဲ့သေးတယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေအနေနဲ့တော့ အခုချိန်မှာ ကောက်ရိတ်သိမ်းချိန်ဖြစ်နေပြီး တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားနေတာကြောင့် ကောက်တွေ မရိတ်နိုင်လို့ စပါးရိတ်ချိန်လွန်လာတာကြောင့် စိတ်ပူနေရတယ်လို့ သိရပါတယ်။

လက်ရှိ အရေးပေါ် အကူအညီပေးနေတဲ့ သူတွေလည်း တစုတစည်းနေထိုင်ဖို့ နေရာအဆင်မပြေတဲ့အတွက် ကိုယ့်အိမ်ကနေကိုယ် အရေးပေါ် ဖြစ်တဲ့အချိန်ကျမှ ချိတ်ဆက်၊ ကိုယ့်အိမ်ကနေ အရေးပေါ်ကားထားရာဘက် လမ်းလျှောက်ထွက်လာရတာကြောင့် လမ်းမှာ ခေါ်ယူစစ်ဆေးခံရတာတွေရှိလို့ အချိန်မီ အကူအညီ ပေးနိုင်ဖို့ ခက်ခဲနေပြီး ပြီးခဲ့တဲ့ တိုက်ပွဲ ၁ ခု မှာတော့ အကူအညီပေးသူတွေ အပါအဝင် ဒေသခံ ၈၀ ခန့်ကို ခေါ်ဆောင်သွားခံခဲ့ရဖူးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ၁ ဦး က ပြောပါတယ်။

မိုးမောက်မြို့နယ် လုံဂျာတောင်မှာ တပ်နဲ့ ကေအိုင်အေတို့ အကြား ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲဟာ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် လယ်တောထဲ ပဲစိုက်နေတဲ့ အမျိုးသမီး သေဆုံးသွားကာ ပြည်သူ ၇ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ အပြင် လူနေအိမ်၊ အဆောက်အဦး အချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

ဒါ့အပြင် ရွာ ၄ ရွာက ဒေသခံ ပြည်သူ ၁၀၀၀ ဝန်းကျင်လည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လုံခြုံရာ မိုးမောက်မြို့ထဲရှိ ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီ ခိုလှုံ နေကြရတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပြချက်အရ သိရပါတယ်။

Photo Crd- CJ
#VOM #voiceofmyanmar #မိုးမောက်

Related posts

Leave a Comment

VOM News

FREE
VIEW