သတ်သေမှုတွေရဲ့ နောက်ကွယ်

နိုဝင်ဘာ ၄-၂၀၂၂
KK(VOM)

နိူင်ငံအတွင်း ကုန်စျေးနှုန်းကြီးမြှင့်တာတွေ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ကျန်းမာရေးဆေးဝါးနဲ့ကုသမှု့စရိတ်ကြီးမြှင့်တာတွေအပြင် အထွေထွေပြသာနာတွေကြောင့်၂၀၂၂ ခုနှစ် ဇူလဆန်းမှ ဒီကနေ့အခြေအနေထိ မြို့နယ် ၃၄ မြို့နယ်မှာ ကိုယ့်ကိုယ်ကိုသတ်သေသူ ၄၄ ဦးရှိခဲ့တယ်လို့ သတင်းမှတ်တွေအရသိရပါတယ်။

ဟိုအရင်ကနဲ့မတူတဲ့ သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာဟာ အထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုတွေကြောင့် လူထုကြား စိတ်ဖိစီးမှု စိတ်မွန်းကြပ်မှု စိတ်ဓာတ်ကျဆင်းမှုတွေ မြင့်တက်လာနေကြောင်း ပြသနေတဲ့ ပြယုဂ်တစ်ခုပါပဲ။

ဒီလို စိတ်ကျန်းမာရေးပြသာနာများဖြစ်လာပြီးနောက် မိမိကိုယ်ကိုအဆုံးစီရင်တာတွေ ဖြစ်လာတာနဲ့ပတ်သက်ပြီး တယ်လီကျန်းမာရဲ့စိတ်ရောဂါကုဆရာဝန်တဦးနဲ့ Voice oF Myanmar သတင်းဌာနမှ မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

❓အခုတလော သတ်သေမှုတွေ ဘာကြောင့်များလာတာလဲ၊

ဟိုအရင်ကနဲ့မတူ မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှုသတင်းတွေ အခုနောက်ပိုင်း မကြာခဏတွေ့ရှိလာရတာ ဟုတ်ပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း အထွေထွေကျပ်တည်းမှု ၊ ဖိနှိပ်မှုတွေကြောင့် လူထုကြား စိတ်ဖိစီးမှု စိတ်မွန်းကြပ်မှု စိတ်ဓာတ်ကျဆင်းမှုတွေ မြင့်တက်လာနေကြောင်း ပြသနေတဲ့ ပြယုဂ်တစ်ခုပါပဲ၊ ဒါပေမယ့် Sucide caseတွေ များပြားလာခြင်းမှာ ဒီတစ်ချက်တည်းကိုပဲ ပြောလို့တော့ မရပါဘူး။
မိမိကိုယ်ကို သေကြောင်းကြံတဲ့ အပြုအမူက
– မျိုးရိုးလိုက်သော အပြုအမူတစ်ခုဖြစ်ပါတယ် (ကိုယ့်ကိုယ်ကို သေကြောင်းကြံဖူးသူ ဆွေမျိုးရင်းတွင် ရှိတာကို ဆိုလိုတာပါ)
– ငယ်ဘဝက စိတ်ထိခိုက်ခဲ့ရတဲ့ အတွေ့အကြုံ များသူတွေ
– စရိုက်လက္ခဏာ အချို့ (ဥပမာ – စိတ်လိုက်မာန်ပါ လုပ်ခြင်း) ရှိသူတွေ
– စိတ်ပိုင်းဆိုင်ရာ ဝေဒနာလက္ခဏာ အချို့ (ဥပမာ – ယုံမှားလွန် သံသယ) ခံစားနေရတဲ့သူတွေ
– နာတာရှည် ပြင်းထန်စွာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါ ရှိသူတွေ
စသူတွေမှာ ဒီလိုအပြုအမူမျိုး ပိုတွေ့ရတတ်ပါတယ်။

❓အခုသတ်သေမှုတွေမှာ ဆိုရှယ်မီဒီယာကနေ အခြားသူသတ်သေတာတွေနဲ့ ကွန့်မန့်တွေမှာ အားကျထောက်ခံတဲ့ ပုံစံတွေလည်းတွေ့လာရတယ်၊ အဲ့ဒီလိုတွေ့လာရတဲ့အခြေအနေက ဘယ်လိုဖြစ်နေလဲ

မြန်မာနိုင်ငံမှာ လူအများ ကြုံနေရတဲ့ အခြေအနေတွေအထဲမှာ-
▪️အ​​​ကြပ်အတည်းတွေ အတားအဆီးတွေကြောင့် ကိုယ်ရေးကိုယ်တာ ချမှတ်ထားတဲ့ အစီအစဥ်တွေ ဖျက်လိုက်ရတယ်၊
▪️နည်းလမ်းအသစ်တွေ ရှာရတယ်
▪️ယဉ်ကျေးမှု ဓလေ့စရိုက်မတူတဲ့နေရာမျိုးတွေမှာ စိတ်ဖိစီးမှုတွေ ကြုံတယ်
▪️ကြီးမားတဲ့ပဋိပက္ခဖြစ်စဉ်တွေ ကြုံနေတယ်
▪️ဘေးဆိုးအန္တရာယ်ကျရောက်တဲ့ဒဏ်ကို ခံစားရတာ၊ စတာတွေလည်း ပါဝင်ပါတယ်။
မီဒီယာတွေအနေနဲ့ သေကြောင်းကြံစည်မှုအကြောင်း သတင်းတင်ဆက်တဲ့အခါ လိုက်နာသင့်တာ ရှောင်ကြဥ်သင့်တာတွေ ရှိပါတယ်။ ဒါတွေကို မသိရှိဘဲ သတင်းဖြစ်ပြီးရော တင်နေကြတဲ့အခါမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခြင်းနဲ့ ပတ်သက်တဲ့ သတင်း​တွေ​ရေးကြရင် ( post​တွေတင်ကြ၊ ပြောဆိုကြရင် ) လိုက်နာကြရမယ့် ရှောင်ရန်၊​ ဆောင်ရန်​တွေ အ​ကြောင်းတွေကိုလည်း အကျဉ်းချုပ်လေး ထည့်ပြောချင်ပါတယ်။

❌️❌️​ရှောင်ရန်​တွေက❌️❌️

၁။ အ​တွေး၊ အမြင်ကို တိမ်း​စောင်း​စေနိုင်တဲ့ စကားလုံးတွေ
(ဥပမာ -​”လွတ်မြောက်မယ့်လမ်းတို့၊ ငြိမ်းချမ်းစေမယ့် စိတ်ထွက်​ပေါက်တစ်ခုတို့” ဆိုတာမျိုးတွေ၊
လွမ်းမောစရာ ရသစာပေဆန်တာမျိုးတွေ)
၂။ ဖြစ်တဲ့​နေရာကို​အ​သေးစိတ် ဖော်ပြတာ
၃။ နည်းလမ်းကို အ​သေးစိတ်ရေးသားတာ
၄။ ပြုလုပ်သွားသူရဲ့ ဓါတ်ပုံ၊ သူ့မိသားစုရဲ့ဓါတ်ပုံ ကစလို့ ဒီဖြစ်စဉ်နဲ့ပက်သက်တဲ့ အခြားဘယ်ဓါတ်ပုံ ၊ video ၊ အသံ file ကိုမှ မ​ဖော်ပြရပါဘူး။​ Suicide မလုပ်မီ​နောက်ဆုံး​ရေးခဲ့တဲ့ နှုတ်ဆက်စာ ၊​သေတမ်းစာ ၊ စကား​ပြော file ၊ video file ဘာကိုမှ မ​ဖော်ပြရပါဘူး။ (အခု online​ပေါ်မှာ​တော်​တော်များများ​တွေ့​နေရတဲ့ ဖိနပ်ပုံ အိတ်ပုံ အစရှိတာတွေကိုလည်း မတင်သင့်ပါဘူး။) ဒါ​တွေက​ စိတ်ထိခိုက်စရာတွေ ဖြစ်တတ်သလို မရည်ရွယ်ဘဲ နည်းပေးလမ်းပြသဘောပါ ဖြစ်တတ်သွားပါတယ်။

( Googleမှာ Suicideလို့ ရိုက်ပြီးရှာဖွေလိုက်ရင် သေကြောင်းကြံစည်မှုတွေအကြောင်း မဖော်ပြဘဲ တခြား ရုပ်ရှင်တွေ ၊ ဂိမ်းတွေအကြောင်းပဲ ဖော်ပြထားတာ တွေ့ရပါလိမ့်မယ် )

✅✅️️ လိုက်နာသင့်တာ​တွေက✅️✅️

၁။ သတင်းရေးတဲ့အခါ ၊ ပိုစ့်တင်တဲ့အခါ စာဖတ်သူကို စိတ်ကျန်းမာ​ရေးဗဟုသုတ တိုး​စေမယ့်အချက်​တွေကို ထည့်သွင်း​ရေးသားရပါမယ်။ ( ဥပမာ – အဆုံးစီရင်လိုတဲ့စိတ်က စိတ်ဓါတ်ကျသူ​တွေ ၊ အကြပ်အတည်းနဲ့ ရင်ဆိုင်​နေရသူ​တွေမှာ ဖြစ်​ပေါ်တတ်ပါတယ်။ မိသားစု၊ သူငယ်ချင်း၊ ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးသူ​တွေကို ရင်ဖွင့်တိုင်ပင်ရပါမယ်…စသဖြင့် )
၂။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုစိတ် ဖြစ်​ပေါ်ခဲ့ရင်၊ အလွန်အမင်းစိတ်ဖိစီးမှုနဲ့ရင်ဆိုင်ရရင် ဆက်သွယ်နိုင်မဲ့ ဝန်​ဆောင်မှု​ပေးတဲ့အဖွဲ့​တွေနဲ့ပက်သက်ပြီး​ဖော်ပြထားရပါမယ်။ (ဥပမာ -​online နှစ်သိမ့်​ဆွေး​နွေး​ပေးတဲ့ အဖွဲ့​တွေရဲ့ facebook page, phone number, hotlines, Link)
( Facebookရဲ့ search barမှာ Suicideလို့ ရိုက်ရှာကြည့်လိုက်ပါ။ သေကြောင်းကြံစည်မှုအကြောင်း မဖော်ပြဘဲ စိတ်ကျန်းမာအတွက် အကူအညီပေးမယ့် pageတွေ အဖွဲ့အစည်းတွေအကြောင်းပဲ အရင်ဖော်ပြပေးတာ တွေ့ရပါလိမ့်မယ် )
၃။ စိတ်​ကျန်းမာ​ရေးပြဿနာတွေ၊ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာ​တွေ နဲ့ ပက်သက်ပြီး အယူအဆလွဲမှားမှု​ ၊ ခွဲခြားဆက်ဆံမှု​တွေ​လျော့နည်း​အောင်​ရေးသား​ဖော်ပြရပါမယ်။ ကျန်းမာ​ရေးအသိပညာ​ပေးတဲ့အချက်​တွေ ထည့်သွင်း​ရေးသားရပါမယ်။
၄။ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုတဲ့စိတ်ကို​ တောင့်ခံကျော်လွှားနိုင်ခဲ့တဲ့သူ​တွေအ​ကြောင်းကို အသား​ပေး​ရေးသားရပါမယ်။

ပြည့်ပြည့်စုံစုံဖတ်ချင်ရင် WHO က ထုတ်တဲ့ “Preventing Suicide: A resource for media professionals” ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်လို့ ရပါတယ်။

❓သတ်သေမှုဆိုတာက ထွက်ပေါက်တခုမဟုတ်ကြောင်း စိတ်ကျနေသူတွေကို ဘယ်လိုကူညီအားပေးသင့်လဲ

မိမိကိုယ်ကိုယ်အဆုံးစီရင်ခြင်းဟာ စိတ်ကျရောဂါရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ စိတ်ကျရောဂါဟာ ကူးစက်ရောဂါမဟုတ်ပါ( မိသားစု မျိုးရိုးဗီဇထဲမှာ ဖြစ်ဖူးတဲ့သူရှိရင်တော့ ကိုယ့်မှာ ဖြစ်နိုင်ချေ ပိုများပါတယ် ) တယ်လီကျန်းမာကို လာပြတဲ့ လူနာစုစုပေါင်းရဲ့ (၈)ရာခိုင်နှုန်းခန့်ဟာ စိတ်ကျန်းမာရေးအတွက် လာရောက်ပြသကြပါတယ်။
( သာမာန်ဆေးရုံ ၊ ဆေးခန်းနဲ့ နှိုင်းယှဥ်ရင် ဒါဟာ အတော်များတဲ့ ရာခိုင်နှုန်းလို့ ပြောလို့ရပါတယ် )

အင်တာနက်ရရှိပြီး လူဦးရေထူထပ်တဲ့ ရန်ကုန်တိုင်းက အများဆုံးလာရောက် ဆွေးနွေးကုသမှုခံယူကြပြီး ၊ မန္တလေးတိုင်းက ဒုတိယအများဆုံးပါ။ စိတ်ကျရောဂါဟာ အသက် ၂၀ နဲ့ ၃၀ ကြားမှာ အဖြစ်များနေတာ တွေ့ရပါတယ်။
စိတ်ကျရောဂါရဲ့ လက္ခဏာရပ်တွေကတော့ များပြားကျယ်ပြန့်ပါတယ်။ စိုးရိမ်မှု ၊ ကြောက်ရွံ့မှု ၊ ဂယောက်ဂယက်ဖြစ်မှု ၊ ရင်တုန်တာ ၊ အသက်ရှုမဝတာ ၊ ခေါင်းကိုက်တာ ၊ ခန္တာကိုယ်ရဲ့တခြားနေရာတွေမှာ နာကျင်တာ ၊ စွဲလမ်းစိတ်နဲ့ ထင်ယောင်ထင်မှားဖြစ်တာတွေကစလို့ အိပ်မပျော် စားမဝင်တာ ၊ အားအင်ကုန်ခမ်းတာ ၊ မျှော်လင့်ချက်မဲ့တာ ၊ အာရုံစိုက်လို့မရတာ ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာ ၊ အပြစ်ရှိသလို ခံစားရတာ ၊ ကူရာမဲ့တာ ၊ စိတ်ဝင်စားမှုမရှိတာ ၊ အဆိုးမြင်တာ ၊ လိင်ဆက်ဆံလိုစိတ် မရှိတော့တာ ၊ အတွေးအခေါ်ပျောက်ဆုံးတာ ၊ ထင်ယောင်ထင်မှားဖြစ်တာ ၊ သေကြောင်းကြံစည်တာ ၊ အာရုံလွဲမှား ထင်မြင်မှုဖြစ်တာ….စသည် စသည်ဖြင့် အများကြီး ဖြစ်နိုင်ပါတယ်။

ဒီထဲက လက္ခဏာတချို့ တခါတရံရှိနေရုံနဲ့ စိတ်ကျရောဂါရှိနေပြီလို့ ပြောလို့မရပါဘူး။ သာမာန်လူတွေမှာလည်း ရံဖန်ရံခါ ရှိနေတတ်ပါတယ်။ တခြား စိတ်ရောဂါတွေမှာလည်း ဒီလိုလက္ခဏာတွေ ရှိတတ်ပါတယ်။ သက်ဆိုင်ရာ စိတ်ကျန်းမာရေးဆရာဝန်များနဲ့ ဆွေနွေးပြသဖို့ လိုအပ်ပါလိမ့်မယ်။

စိတ်ကျရောဂါ ခံစားနေရသူအများစု တူညီစွာခံစားနေတတ်တာတွေကတော့
– မျှော်လင့်ချက်မဲ့တာ
– အားကိုးရာမဲ့တာ
– ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ
– ကောင်းကောင်းအိပ်လို့မရတာ စတာတွေတော့ အဖြစ်များပါတယ်။

မြန်မာနိုင်ငံမှာ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်း ဘယ်လောက်ရှိတယ်ဆိုတာကတော့ တိတိကျကျ dataကောက်ယူထားတာ မရှိတဲ့အတွက် ပြောရခက်ပါတယ်။ သေချာတာကတော့ ၂၀၂၁ ဖေဖော်ဝါရီလ
နောက်ပိုင်းမှာ စိတ်ကျရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ တက်လာပါတယ်။ ဆေးခန်းကို လာပြတဲ့လူနာတွေပေါ် အခြေခံပြီး ပြောတာပါ။

ကိုယ့်မှာ စိတ်ကျရောဂါရှိနေပြီလို့ သံသယရှိနေပြီဆိုရင်တော့ အကောင်းဆုံးကတော့ စိတ်ကျန်းမာရေးဆရာဝန်များနဲ့ ပြသတာပါပဲ။ အခုဆို အွန်လိုင်းကတစ်ဆင့်လည်း လွယ်လွယ်ကူကူပြသလို့ ရနေပြီဖြစ်ပါတယ်။ ( ဥပမာ – တယ်လီကျန်းမာ )

ဒါ့အပြင် စိတ်ကျန်းမာရေးအတွက် အားပေးတိုင်ပင်ဆွေးနွေးပေးတဲ့ အသင်းအဖွဲ့တွေနဲ့လည်း ချိတ်ဆက်အကူအညီတောင်းလို့ ရပါတယ် (ဥပမာ-တိုင်ပင်ဖော် ၊ Mind Healer )

ဒီလိုချိတ်ဆက်ဖို့ အင်တာနက်အခက်အခဲရှိနိုင်တဲ့သူတွေအတွက် အထောက်အကူဖြစ်စေမယ့် အပြုအမူတွေကတော့

– ကျန်းမာရေးဂရုစိုက်တာ
(အိပ်ရေးဝအောင်အိပ်တာ၊ အစာ အာဟာရမျှတ အောင် စားတာ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင်ခန်း တွေ လုပ်တာ)
– ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေမယ့်အလုပ်၊ ကိုယ်ပိုင် အောင်မြင်မှုလို့ ခံစားရတာတွေကို တစ်နေ့ နည်းနည်းပဲဖြစ်ဖြစ် လုပ်တာ
– ချစ်ခင်တဲ့သူတွေနဲ့ အဆက်သွယ် ရှိတာ၊ ရင်ဖွင့် ပြောဆို တိုင်ပင်တာ
– ကျန်းမာရေးနဲ့ ညီတဲ့ စိတ်ဖိစီးမှုလျှော့ချနည်းများကို ပုံမှန်လေ့ကျင့်တာ (ဥပမာ – ယောဂ)
– အပန်းဖြေ အနားယူတာ၊ ဝါသနာ ပါတာလေးတွေ လုပ်တာ၊ ကိုယ့်ကိုယ်ကို နွေးထွေးစွာ အားပေးနှစ်သိမ့်တတ်တာ….စတာလေးတွေက အထောက်အကူဖြစ်မယ်လို့ ပြောကြားလိုပါတယ်။

စိတ်ဓာတ်ကျနေသူတွေကို အားပေးကူညီနိုင်တဲ့နည်းလမ်းတွေ အများကြီး ရှိပါတယ်..အခက်အခဲတွေကို တွန်းလှန်လွန်မြောက်နိုင်စွမ်း ကို ပျိုးထောင်ရာမှာ တစ်နည်းနည်းနဲ့ ကူပေးလို့ရပါတယ်။

မိမိပတ်ဝန်းကျင်က သူတစ်ယောက်
– ပြုမူပြောဆို ပုံပြောင်းရင် သူ့မှာ စိတ်ပိုင်းဆိုင်ရာ အဆင်ပြေရဲ့ လား ဂရုစိုက် ကြည့်ပြီး လိုသလို ဖေးမကူညီမယ်။
– မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် (သို့) သေကြောင်းကြံဖို့ တွေးတောဖူးသလား ၊ လက်ရှိရေး တွေးမိနေသလား မေးကြည့်ပြီး…တကယ်လို့ ဟုတ်ခဲ့ရင် စိတ်ကျန်းမာရေး အကူအညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးချိတ်ဆက်နိုင်ဖို့လည်း အင်မတန်အရေးကြီးပါတယ်

❓သတ်သေမှုဖြစ်အောင် ဘယ်လိုအရာတွေက လှုံဆော်စေတာလဲ

မိမိကိုယ်ကို အဆုံးစီရင်ချင်တာကို တွန်းပို့နိုင်တာတွေက
– မျှော်လင့်ချက်မဲ့သွားပြီလို့ အောက်မေ့တာ
– အကူအညီမဲ့တယ်၊ အထီးကျန်တယ်၊ ကိုယ့်ကို နားလည်နိုင်မယ့်သူ မရှိဘူးလို့ ထင်မြင်ယူဆတာ
– အသက်ရှင်နေလည်း မထူးတော့ပါဘူး ၊ အသက်ရှင်စရာအကြောင်း မရှိတော့ဘူးလို့ မှတ်ယူလိုက်တာ
– စိတ်ဖိစီးမှုတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အခက်တွေ့ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာ (ဥပမာ – ပတ်သက်သူကို အပြစ်ရှိတယ် ခံစားစေချင်တာ)
– စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ အားနည်းနေလို့ဖြစ်စေ၊ ရှက်ရွံ့နေလို့ဖြစ်စေ စိတ်ကျန်းမာရေးဝန်ဆောင်မှု မယူဖြစ်တာ
– စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေကို လက်လှမ်းမမှီတာနဲ့
– လူမှုရေးအကူညီတွေရယူဖို့ အခက်အခဲတွေရှိတာ တွေ ဖြစ်နိုင်ပါတယ်
….
အခုဖော်ပြပေးခဲ့တဲ့အချက်တွေအပြင်-
▪️ကိုယ့်ကိုယ်ကိုယ် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးအောင်လုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေ အလွယ်တကူ ရှိနေ၊ ရနေနိုင်မှုတွေ၊
▪️ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ မီဒီယာတွေမှာဖော်ပြတဲ့အခါ မသင့် လျှော်တဲ့ပုံစံမျိုးတွေနဲ့ ဖော်ပြသလိုဖြစ်နေတာမျိုးတွေ၊
▪️ကျန်းမာရေးစောင့်ရှောက်မှုရယူဖို့အတွက် အခက်အခဲတွေရှိနေတတ်တာမျိုးတွေဟာလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့အချက်တွေ ဖြစ်ပါတယ်။

❓စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်အောင် ပတ်ဝန်းကျင်က ဘယ်လို ကူညီစောင့်ရှောက်တာတွေ လုပ်ဆောင်သင့်လဲ

– မည်သူမဆို စိတ်ကျန်းမာရေး ဗဟုသုတ ရှာမှီးမယ်
– social media နဲ့ သတင်းတွေကို ​ကြည့်ရင်လည်း အပြုသဘော ရှုထောင့်က ကြည့်မယ် ၊ comment တွေရေးရင်လည်း သူတစ်ပါး စိတ်ထိမခိုက်အောင် သတိနဲ့ ဆင်ခြင်မယ်
– ပတ်ဝန်းကျင် ဆွေမျိုးသားချင်းတွေက စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ခံစားရတဲ့သူရဲ့ အခြေအနေကို ထပ်တူခံစားနားလည်နိုင်ပြီး အားပေးဖေးမမှု ​​​ပေးမယ်။ အပြစ်တင်ဝေဖန်တာ ၊ သေးသိမ်အောင်ပြောတာ ၊ ငြိုငြင်တာ မျိုးတွေ ရှောင်မယ်
– စိတ်ခွန်အားအထောက်အကူပေးတဲ့ အဖွဲ့အစည်းတွေရဲ့ စောင့်ရှောက်မှုတွေဘက်ကလည်း လက်လှမ်းမီရာမှာ ရှိမယ်၊
– မီဒီယာတွေဘက်ကလည်း သေကြောင်းကြံစည်မှုကို ဖော်ပြတဲ့အခါ စိတ်ပညာရှုထောင့်မှ အကြံပြုချက်တွေကို ဂရုစိုက်လိုက်နာမယ်ဆိုရင် အများကြီး အထောက်အကူရမှာ ဖြစ်ပါတယ် ။

❓နောက်ဆုံးအနေနဲ့ သတ်သေခြင်းက ထွက်ပေါက်မဟုတ်ဘူးဆိုတဲ့ အကြောင်းလေးနဲ့ပတ်သက်ပြီး ပြည်သူကို မှတ်ချက်ပြုပြောချင်တာရှိရင် ပြောပေးပါအုံးခင်ဗျာ

လက်ဆောင်စကားလေးတစ်ခွန်း အနေနဲ့ကတော့
“အခက်အခဲတွေကို တွန်းလှန်လွန်မြောက်နိုင်စွမ်း ကို ပျိုးထောင်လို့ရတယ်. မျှော်လင့်ချက်ဆိုတာလည်း အမြဲရှိတယ်…

လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်တတ်တဲ့ အချိန် အခိုက်အတန့်တွေမှာလည်း…နွေးထွေးတဲ့ ခွန်အားတွေ မွေးမြူ စုဆောင်းရင်း ရှေ့ဆက်ကြမယ်….

လိုအပ်တဲ့အခါမှာလည်း တယ်လီကျန်းမာ(သို့) တခြား စိတ်ကျန်းမာရေး ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းများနဲ့ အမြန်ဆုံးဆက်သွယ်လိုက်ပါနော်….အမြဲကြိုဆိုနေပါတယ် “လို့ ပြောကြားလိုပါတယ် ။

လူတွေဟာ အခက်အခဲတွေနဲ့ရင်ဆိုင်လာရတဲ့အခါ အချို့က ဘာသာရေးအသိတရားနဲ့ ထိန်းကျောင်းပေမယ့် တရားလက်လွတ်ဖြစ်ချိန်မှာ ကြံရာမရ၊လုပ်မိလုပ်ရာလုပ်တတ်တာမို့ ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကျသူရှိရင် အားပေးနှစ်သိမ့်ဖို့ ပတ်ဝန်းကျင်က ဖေးမကူညီဖို့လိုတယ်လို့ ပညာရှင်တွေက ပြောဆိုထားကြပါတယ်။

Photo Crd – Harvard Health
#VOM #voiceofmyanmar #သတ်သေမှုတွေရဲ့နောက်ကွယ်

Related posts

Leave a Comment

VOM News

FREE
VIEW