ရန်ကုန်မှာ YBS ၂ စီး မျက်နှာချင်းဆိုင်တိုက်မှု သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ရှိ

နိုဝင်ဘာ ၆ – ၂၀၂၂
SN (VOM)

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်း၊ ၁ ထိပ်၊ မီးပွိုင့်အနီးမှာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက YBS 61 နဲ့ 69 တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး သေဆုံးသူ ၄ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ရှိခဲ့တယ်လို့ သိရသည်။

ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်ဘက်ကနေ အောင်ဇေယျတံတားပေါ်ကအဆင်း မောင်းနှင်လာတဲ့ YBS ၆၉ (မှန်လုံယာဥ်အသေး) နဲ့ လှိုင်သာယာမြို့နယ်ဘက်က မောင်းနှင်လာတဲ့ YBS ၆၁ (ခေတ်သစ်ဘုရင့်နောင်) ယာဥ်တို့ မျက်နှာချင်းဆိုင် တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဖြစ်စဉ်ကတော့ ၆၁ က လမ်းပြောင်းပြန် ကျော်တက်လာတယ်။ တံတားပေါ်ကဆင်းလာတဲ့ ၆၉ ကလည်း လမ်းပြောင်းပြန် ကျော်ဆင်းလာကြတာပေါ့။ အောင်ဇေယျတံတားပေါ်မှာက ကားကျပ်တယ်လေ။ ကားကျပ်တဲ့အချိန်မှာ မော်တော်ယာဉ်တွေက အဲ့ဒီလိုမျိုး တံတားပေါ်ကနေ လမ်းကြောင်းပြောင်းပြန်ဆင်းတတ်ကြတယ်။ ဆင်းတဲ့အချိန်မှာပဲ ၆၁ နဲ့ သွားတိုက်တာပေါ့”လို့ ဖြစ်စဥ်မှာ ပါဝင်ကူညီခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အရေးပေါ်အခမဲ့ လူနာတင်ယာဥ်များကွန်ယက် (M.A.N)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အခုယာဥ်တိုက်မှုဖြစ်စဥ်မှာ YBS ၆၉ မှ ယာဉ်မောင်းဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ‌နောက်ထပ် ၃ ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

“၆၉ ယာဉ်မောင်းဦးလေးကြီးက ဖြစ်စဉ်နေရာမှာပဲ ပွဲချင်းပြီး ဆုံးတယ်။ ကျန်တဲ့ ၃ ယောက်က ဆေးရုံအရောက်မှာဆုံးတယ်။ အားလုံးပေါင်း ဆုံးတာ ၄ ယောက်ရှိတယ်။ နောက် ကျွန်တော်တို့အခေါ်ကျတော့ အနီရောင်အဆင့်လို့ပဲ ခေါ်တာပေါ့၊ ပြင်းထန်ဒဏ်ရာရတဲ့ အနီရောင့်အဆင့်ကျတော့ ၁၀ ဦးထက်မနည်း ပါသွားတယ်။ နဖူးကွဲ၊ လက်ကွဲ အဲ့ဒီလို ပွန်းပဲ့လေးတွေကတော့ တစီးလုံးနီးပါးပဲ။ ဖြစ်တာကတော့ ကားကြီးပေါ်က သိပ်မဖြစ်ဘူး။ ၉၆ ယာဉ်အသေးပေါ် ပါလာတဲ့သူတွေပဲ တော်တော်များများ ဖြစ်သွားတာ”လို့ သူက ပြောပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လက်ရှိမှာ လှိုင်သာယာဆေးရုံ၊ အင်းစိန်ဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးတို့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Photo – အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့
#VOM #voiceofmyanmar #ရန်ကုန် #ယာဥ်တိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW