မြိတ်မြို့က ငါးအမှုန့်အကြိတ်စက်ရုံမှာ အမှုန့်ကြိတ်ကန်ထဲကို လုပ်သား ၆ ယောက် ပြုတ်ကျရာက ၃ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၊ ၁၄ ၊ ၂၀၂၂
SP(VOM)

တနင်္သာရီတိုင်း၊မြိတ်မြို့၊မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်မှာရှိတဲ့ ၊ငါးအမှုန့်ကြိတ်စက်ရုံမှာ မနေ့ နိုဝင်ဘာ ၁၃ ရက်၊ ည ၈ နာရီကျော် ဝန်းကျင်က ငါးအမှုန့်ကြိတ်တဲ့ ကန်ထဲကို လုပ်သား ၆ ယောက် ပြုတ်ကျရာကနေ လုပ်သား ၃ ဦး သေဆုံးပြီး ၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်မြို့နယ်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” ငါးအမှုန့်ကြိတ်တဲ့ကန်ထဲက မော်တာခြိမ်းကြိုး ပြတ်သွားလို့ ဆယ်ယူဖို့ ကန်ထဲဆင်းသွားတဲ့ လုပ်သား ၆ ဦးဟာ အောက်စီဂျင်ပြတ်ပြီး ပြုတ်ကျသွားတယ် ၊ အဲ့ဒီ လုပ်သား ၆ ယောက်ထဲက ၃ ဦး သေဆုံးတယ် ၊ ကျန် ၃ ဦးကတော့ ထိခိုက်တာရှိတဲ့အတွက် ဆေးကုသခံနေတယ် “လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် ပရဟိတသမား တယောက်က ပြောပါတယ်။

မြိတ်မြို့နယ် မီးသတ်ဦးစီးဌာန ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် တယောက်က” အမှု့န့်ကြိတ်စက် မော်တာက ခြိမ်းကြိုးကျသွားတယ် ၊ အဲ့ဒါကို ကန်ထဲဆင်းပြီးဆယ်တဲ့အခါ ကန်ထဲက အောက်စီဂျင်ပြတ်နေတာကို အလေးမထားမိတာကြောင့် လုပ်သားတွေ ပြုတ်ကျတာဖြစ်တယ် ၊ စက်ရုံသုံး ကျင်းတွေ ၊ လှိုဏ်တွေ ၊ အလုံပိတ် အခန်းတွေကို ဝင်ရောက်မယ်ဆိုရင် အောက်စီဂျင် ပြတ် / မပြတ် ဦးစွာ စစ်ဆေးဖို့လိုတယ် ၊ အလွယ်ကူဆုံးနည်းလမ်းဖြစ်တဲ့ ဖယောင်းတိုင်မီး ထွန်းညှိပြီး ချကြည့်ရင် ရတယ် ၊ မီးသေသွားတယ်ဆိုရင် အောက်စီဂျင်ပြတ်တယ် ၊ မီးမသေဘူးဆိုရင် အောက်စီဂျင် မပြတ်ဘူး ” လို့ ပြောပါတယ်။

မြိတ်မြို့ ၊ အင်းလေးမြိုင် စက်မှုဇုန်မှာ လုပ်ငန်းခွင် မတော်တဆမှုတွေ ရှိခဲ့ပေမယ့် အခုလို လုပ်သား ၃ ဦး သေဆုံးရတဲ့ဖြစ်စဥ်ဟာ ပထမအကြိမ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

Photo-မြိတ်မြို့နယ် မီးသတ်ဦးစီးဌာန
#voiceofmyanmar #VOM #မြိတ်

Related posts

Leave a Comment

VOM News

FREE
VIEW