ဧရာ၀တီတိုင်းက တောင်သူတွေကို အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာစိုက်ခိုင်းနေလို့ အခက်အခဲဖြစ်ပေါ်နေ

နိုဝင်ဘာ၊၁၄-၂၀၂၂
မင်းမြတ်(VOM)

ဧရာ၀တီတိုင်းမှာ တောင်သူတွေကို အခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နေကြာစိုက်ခိုင်းပြီး မစိုက်ရင် လယ်သိမ်းမယ်လို့ ပြောဆိုစိုက်ခိုင်းနေတဲ့အတွက် ဒေသခံတောင်သူတွေ အခက်အခဲဖြစ်ပေါ်နေ တယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။

ဒေသခံတောင်သူတွေကို အခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံနေကြာကို အစိုးရရဲ့တာဝန်ပေး စီမံချက်အရ မဖြစ်မနေစိုက်ဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက အစည်းအဝေးခေါ်ကာ ပြောဆို စိုက်ခိုင်းနေတာဖြစ်ပြီး မစိုက်တဲ့ လယ်မြေကို သိမ်းမယ်လို့ တောင်သူတွေကိုပြောဆိုနေတာလို့ သိရပါတယ်။

”နေကြာကို မဖြစ်မနေစိုက်ခိုင်းနေတာ ၊ ၁၃ ရက်နေ့က အုပ်ကြီးက အစည်းအဝေးခေါ်ပြီး စိုက်ဖို့ပြောတာ ၊ မစိုက်ရင် လုပ်နေတဲ့လယ်ကို သိမ်းမယ်တဲ့ ၊ နေကြာက နေရာတကာစိုက်လို့ရတာ မဟုတ်ဖူးလို့ တင်ပြခဲ့တော့ စိုက်လို့ မပေါက်ရင် ထပ်စိုက်လို့ပြောတယ် ၊ နေကြာက ကိုယ့်ဒေသရာသီဥတုနဲ့လည်း မကိုက်ညီဘူး ၊ အရင်က စိုက်တုန်းကလည်း အထွက်လည်းမကောင်းဘူး ၊ မစိုက်တာလည်းကြာပြီ ၊ စိုက်ဖို့ စိုက်ပျိုးရေး ကုန်ကျစရိတ်ကလည်း စပါးတောင် မနည်းစိုက်ရတာမို့ မတတ်နိုင်လို့ မစိုက်တာပါ ၊ လယ်သိမ်းတော့လည်း ဘာတတ်နိုင်မလည်း နီးရာဓား ကြောက်နေရတာကို။”လို့ ဒေသခံတောင်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေက မိုးစပါးနဲ့ နွေစပါးကိုသာ အဓိက စိုက်ပျိုးနေကြတာဖြစ်ပြီး အခုနှစ် မိုးစပါးစိုက်တဲ့ရာသီက နိုင်ငံရေးနဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေကြောင့် စိုက်ပျိုးစရိတ်တွေ မတတ်နိုင်တဲ့အတွက် လယ်ဧက သောင်းနဲ့ချီ စပါးမစိုက်နိုင်လို့ ထားခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခု နေကြာ တပြည်ကို ငွေကျပ် ၂၇၀၀၀ ဈေး ပေါက်နေတာကြောင့် နေကြာ တစ်ဧကကို အနည်းဆုံး ၅ ပြည်ကနေ ၁၀ ပြည်စိုက်ရမှာဖြစ်တဲ့အတွက် စရိတ်မတတ်နိုင်သလို စိုက်တဲ့အခါ အကျွမ်းတဝင်မရှိတဲ့ သီးနှံဖြစ်လို ပျက်စီးသွားရင် စပါးပြန်စိုက်လို့လည်း အချိန်မမီဖြစ်မှာကြောင့် အစိုးရရဲ့ နေကြာစိုက်ဖို့ စီမံချက်ကို မလိုက်နာတာ မဟုတ်ဘဲ ဒုက္ခမခံနိုင်တော့တာကြောင့် နေကြာမစိုက်ချင်တာလို့ ဒေသခံတောင်သူတွေ ရဲ့ပြောပြချက်အရ သိရပါတယ်။

”နေကြာ မျိုးကောင်းမျိုးသန့် တပြည် ၂၇၀၀၀ တဲ့ အနည်းဆုံး ၁၀ ပြည်လောက်စိုက်ရမှာ တဧကကို ၊ အကယ်၍ ပျက်စီးသွားရင် ဘယ်သူတာဝန်ယူမှာလဲ၊ အဲ့ဒီအချိန် စပါး ပြန်စိုက်လို့လည်း မမီတော့ဘူး ၊ နစ်နာရင် ကိုယ်ပဲ နစ်နာမှာ ၊ တောင်သူတွေ စပါးဈေးက ကမောက်ကမ ၊ ဓာတ်မြေသြဇာဈေးကမကျ ၊ စက်သုံးဆီဈေးက တက် ၊ ရွှေခရုကဖျက် အမျိုးအမျိုးဒုက္ခခံနေရတဲ့အချိန် အခုလို ဖိအားမပေးဖို့
မေတ္တာရပ်ခံတာပါ ၊ စီမံချက်ကို မလိုက်နာတာ မဟုတ်ပါဘူး ၊ ဒုက္ခထပ်ခံဖို့ အားမရှိတော့လို့ နေကြာကို မစိုက်ချင်တာပါ။”လို့ အမျိုးသမီး လယ်သမား တဦးကပြောပါ တယ်။

နေကြာ စိုက်ပျိုးခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတဦးက”ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၃ နှစ်တွေက ဧရာဝတီတိုင်းမှာ ဆီထွက် သီးနှံ နေကြာကိုစိုက်ခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်၊ ဒီ့နောက်ပိုင်း တောင်သူတွေနဲ့ နေကြာ စိုက်ပျိုးတဲ့ လုပ်ငန်းဟာ အဆက်ပြတ်သွားခဲ့ပါတယ် ၊ အခု ဆီထွက်သီးနှံနေကြာကို စိုက်ခိုင်းတာဟာလည်း တောင်သူတွေအတွက်ပဲဖြစ်တယ် ၊ နိုင်ငံတော်ရဲ့စားဆီလိုအပ်ချက် ဖြည့်တင်းဖို့နဲ့ တောင်သူတွေပဲ သန့်ရှင်းလတ်ဆတ်တဲ့ဆီ ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဆီတွေကို စားသုံးနိုင်ဖို့အတွက် စီမံချက်ချ စိုက်ခိုင်းတာပါ ၊အခုဖြစ်ပေါ်နေတဲ့ ကိစ္စတွေကတော့ မရှိဘူး ၊ ရှိတယ် မပြောတတ်ပါဘူး ၊ စီစစ် စစ်ဆေးရပါ့မယ်။”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူတွေဟာ ဒေသမြေ အနေ အထား ရာသီဥတုနဲ့ ကိုက်ညီတဲ့ စပါးကိုသာ ဦးစား ပေး စိုက်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ မိုးစပါးစိုက်ရာသီက ဓာတ်မြေသြဇာတ် တအိတ်ကို ငွေကျပ် ၁၆၅၀၀၀ အထိပေး ဝယ်ရတာ၊ စက်သုံးဆီ တလီတာ ၄၀၀၀ အထိ ပေးဝယ်ရတာ ၊ စပါးအပင်ဖျက် ရွှေခရုတွေကျလို့ ရွှေခရုသတ်ဆေး ဝယ်မသုံးနိုင်တာတွေနဲ့လည်းကြုံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလို အခက်အခဲတွေနဲ့ ကြုံရတာကြောင့် အခု မိုးစပါးတွေ ရိတ်သိမ်းတဲ့အခါ စပါးတွေ အထွက်နှုန်းကျ ဆင်းနေတယ်လို့ သိရပြီး စိုက်ဘဏ်ချေးငွေကိုလည်း လုပ်နေတဲ့ လယ်ပေါင်ဆပ်ရတဲ့သူတွေလည်းရှိနေတယ်လို့ ဒေသခံတောင်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #နေကြာစိုက်ခိုင်းတဲ့ကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW