“ရည်းစားလေးတစ်ယောက်တော့လိုနေတာပေါ့ ” အမည်နဲ့ဖေ့စ်ဘုတ်အကောင့်တုဖွင့်ပြီး အလုပ်ပေးမယ်လို့ လိမ်ခေါ်သူကိုဖမ်းမိ

နိုဝင်ဘာ ၁၅-၂၀၂၂
CT(VOM)

စစ်ကိုင်းမြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ အလုပ်ပေးမယ်လို့ဆိုပြီး “ရည်းစားလေးတစ်ယောက်တော့လိုနေတာပေါ့”အမည်နဲ့ ဖေ့စ်ဘုတ်အကောင့်ဖွင့်ပြီး လူ ၁၉ ယောက် လိမ်ခေါ်သူကို မနေ့နိုဝင်ဘာ၁၄ရက် နေ့လယ်ပိုင်းက ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်ပိုင်ရှင်ပုံစံနဲ့ စစ်ကိုင်းမှာ အလုပ်ပေးမယ်ဆိုကာ စစ်ကိုင်းမြို့ရှိအမည်မဖော်လိုတဲ့ ကားဂိတ်ကနေခေါ်ပြီး စစ်ကိုင်းမြို့ကောင်းမှုတော်ဘုရား အနီးက လူရှင်းတဲ့နေရာမှာ ပိုက်ဆံတောင်းရာ မပေးတာကြောင့် ဓါးနဲ့ထောက် ခြိမ်းခြောက်ငွေတောင်းနေချိန် ဖမ်းမိခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

“အဲ့ဒီလူက အဲ့ဒီလိုလိမ်တာ ၁၉ယောက်ရှိပြီ ၉ယောက်ကတော့ ထုံးဘိုရပ်ကွက်အနီးက ဘုရားနား ထားသွားတာ၊ ကျန်တဲ့၁၀ယောက်ကတော့ ဇေယျာကွက်သစ်မှာထားသွားတာ၊ အလိမ်ခံရတဲ့သူတွေကိုလည်း ကျနော်တို့ပရဟိတအဖွဲ့ကနေ ကူညီခေါ်ယူပြီး မိသားစုကို အကြောင်းကြားပေးခဲ့တယ်လို့”ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေးနဲ့အရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက “စစ်ကိုင်းမြို့မှာ အလုပ်ပေးမယ်လို့လိမ်ခေါ်ပြီး ငွေယူကာထားသွားတာတွေ မကြာခဏဖြစ်နေတာကြောင့် စစ်ကိုင်းခရိုင်မှူးညွန်ကြားချက်နဲ့ အသွင်ယူဖမ်းဆီးခဲ့တယ်၊ အဲ့ဒီလူ စစ်ကိုင်း ရွှေမင်းဝံရပ်ကွက်မှာ အိမ်ငှားနေတာ မှတ်ပုံတင်၂ခုကိုင်ထားတာ ကွင်းဆက်လိုက်ကြည့်တော့ အရင်က အလုပ်ပေးမယ်လို့ခေါ်ပြီး ခြိမ်းခြောက်ငွေတောင်းပြီး ပစ်ထားခဲ့တဲ့လူတွေကိုလည်း သူလုပ်တာဖြစ်နေတာ၊ တရားခံကတော့ အမျိုးသား၂၇နှစ် နာမည်က သိန်းဆန်း(ခ)ရခိုင်”လို့ ပြောပါတယ်။

“အလိမ်ခံရတဲ့လူတွေဟာ ကျောက်မဲမြို့က ၂ယောက်၊ သီပေါမြို့က တယောက်၊ ရွှေဘိုမြို့က ၂ယောက်၊ ပြင်ဦးလွင်မြို့က တယောက်၊ ကသာမြို့က တယောက်၊ အခြားနယ်ဝေးကလူတွေ စုစုပေါင်း၁၉ယောက်ဖြစ်တယ်လို့ သိရပါတယ်။

“တစ်ပတ်၁ကြိမ်ဆိုသလိုဖြစ်ပွားနေပြီး အများဆုံးက အမျိုးသမီးတွေပါနေတယ်၊ နောက် အယုံမလွယ်ကြဖို့ သေချာစဥ်းစားပြီး မိသားစုနဲ့နားလည်တဲ့သူနဲ့တိုင်ပင်ပြီး သေချာဆုံးဖြတ်စေချင်တယ်၊ နောက်လူတွေလည်းမဖြစ်စေချင်ဘူးလို့”ထုံးဘိုအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(အရန်မီးသတ်တပ်ဖွဲ့)တာဝန်ရှိသူတဦးကပြောပါတယ်။

ပြစ်မှုကျူးလွန်သူကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းကဖမ်းဆီးပြီး ဆက်လက်စုံစမ်းကာအမှုဖွင့်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW