NLD လွှတ်တော်ကိုယ်စားလှယ် ၃ဦးနဲ့ ရွေး/ကော်အဖွဲ့ဝင် ၁ ဦး ထောင်ဒဏ် နှစ်၂၀ စီ ထပ်ချခံရ

နိုဝင်ဘာ၊၂၄-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်မှာ ဖမ်းဆီး၊ထောင်ဒဏ်ချမှတ်ခံထားရတဲ့ NLDလွှတ်တော်ကိုယ် စားလှယ် ၃ ယောက်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို မနေ့က ထောင်ဒဏ်အနှစ် ၂၀ စီ ထပ်မံချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထောင်ဒဏ်ထပ်ချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ဟာ သာပေါင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦး ၊ဦးသန်းထွဋ်တို့ဖြစ်ပြီး ပုသိမ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးကျော်လှမိုး တို့ဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်ဟာ ၂၀၂၁ခုနှစ် မေလထဲမှာ ပုဒ်မ ၅၀၅ နဲ့ထောင်ဒဏ်ချမှတ်ခံထားရ သူတွေဖြစ်ပြီး မနေ့က နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ၁၄၄ တို့နဲ့ အကျဉ်းထောင်အတွင်းတရားရုံးကနေ ထောင်ဒဏ်နှစ် ၂၀ ထပ်မံချမှတ်ခံခဲ့တာလို့ ရှေ့နေ အသိုင်း အဝိုင်းကနေ သိရပါတယ်။

” နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ၁၄၄ တို့ နဲ့ ထောင် ဒဏ်နှစ် ၂၀ ထပ်တိုးချမှတ်တာပါ ၊ အခုထောင်ဒဏ် ထပ်မံချမှတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ယောက်က အရင်ကလည်း ထောင်ဒဏ်အမိန့်ချခံထားရသူတွေပါ ၊ အခု ပုဒ်မတွေ နဲ့ ထောင်ဒဏ်ထပ်ချမှတ်ခံရတာက ပြင်းလွန်းတယ် ၊ ထောင်ဒဏ်ထပ်မံ ချမှတ်ခံရတဲ့ သူတွေထဲက အသက်အရွယ်ကြီးလာတဲ့ ကိုယ်စားလှယ်တွေလည်းပါတယ်။”လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

အခု ထောင်ဒဏ်ချမှတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ထဲက လွှတ်တော် ကိုယ်စားလှယ် ၂ ယောက်ဟာ ကျန်းမာရေးမကောင်းဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ်မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တွေဖြစ်တဲ့ ဦးဝင်းနိုင်၊ ဦးစိုးမြင့်မောင်၊ ကိုချစ်သွေးနီ၊ ကိုဝင်းအောင်သူ၊ကိုကျော်သန်းဦး၊ကိုအောင်မော်ထွန်း၊ ကိုထက်လင်းစိုး(ကဗျာဆရာ လူဖန်ခါး) တို့ကိုလည်း နိုဝင်ဘာ ၂၂ ရက်က ထောင်ဒဏ် နှစ် ၂၀ စီထပ်မံ ချမှတ်ခံရတယ်လို့သိရပြီး ထောင်ဒဏ်ချမှတ်ခံရသူတွေဟာ ဥပဒေနဲ့အညီ ခုခံချေပခွင့်မရဘူးလို့ တရားလွှတ်တော်ရှေ့နေတဦးဆီကနေ သိရပါတယ်။

” အခု ထပ် ထောင်ချခံရတဲ့သူတွေ အားလုံးက ၂၀၂၁ ခုနှစ်ထဲမှာ အဖမ်းခံရသူတွေပါ ၊ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ပြောပေမယ့်လည်း လက်တွေ့ မြေပြင်မှာ ထောင်ချခံရသူတွေဘက်ကနေ ခုခံ ချေပခွင့် လုံးဝမရှိ ။”လို့ သူက ဆက်ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကနေ အခု ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ အကြောင်းအမျိုးအမျိုးနဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၊ အမျိုးသမီး စုစုပေါင်း ၄၀၀ ကျော်အထိ ရှိနေပြီး ၄၀၀ ကျော်ထဲက အမျိုးသမီး ၁၈ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၈၀ ကျော်ကို ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW