ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်

ဆူးငှက်

“ကျွန်ုပ်မှာ မျက်နှာမလိုက်ဘဲ မိမိ မှန်သည်ထင်သော ဘက်မှ ထောက်ခံရးသားလိုသော ဆန္ဒပြင်းထန်သူ
တစ်ယောက် ဖြစ်သည့်အလျောက် မှန်သည့်ကိစ္စနှင့်ဖြစ်လျှင် မည်သူ မကြိုက်ကြိုက်၊ ကြိုက်ကြိုက် မှန်သည်ကို ဝန်ခံရေးသားလိုသည်။ တိုင်းပြည်စီးပွားရေးစနစ်တွင် လက်ဝဲဝါဒကို သဘောကျစေကာမူ လက်ဝဲသမားများ၌ အမှားများတွ့လျှင်လည်း ထောက်၍ ပြချင်တတ်၏။ ဤကဲ့သို့ ထောက်ပြမိသည့် အတွက်ကြောင့် လက်ဝဲဝါဒ အောင်မြင်ရေးအတွက် အနှောက်အယှက်ဖြစ်သည်ဆိုလျှင်လည်း ကျွန်ုပ်ဂရုမစိုက်။ တိုင်းပြည်၌ လက်ဝဲခါင်းဆောင်ကြီးများ မှားသည် ထင်လျှင် ဖုံးဖုံးဖိဖိ မလုပ်ချင်။ ကျွန်ုပ်လက်လှမ်းမှီသလောက် ဖော်ထုတ်တင်ပြရမှ ကျေနပ်တတ်သည်။ ကျွန်ုပ်၌ ပါတီစိတ်ဓာတ်မျိုး၊ ဝါဒစိတ်ဓာတ်မျိုး တတ်နိုင်သမျှ ကင်းအောင်နေချင်တတ်သည်”ဟု
ကိုယ်ယုံကြည်ရာကို ရိုးရိုးရှင်းရှင်း ဒေါင်းဒေါင်းပြေး၊ အချက်ကျကျဖြင့် ရေးသားသော အထက်ပါ စာပိုဒ်မှာ ဆရာကြီး ရွှေဥဒေါင်း၏ နာမည်ကျော် သတင်းစာခေါင်းကြီး တစ်ပုဒ်မှ စာပိုဒ်ဖြစ်၏။

ဆရာကြီးရွှေဥဒေါင်းသည် ဒိုးဒိုးဒေါက်ဒေါက်၊ ခိုင်ခိုင်ခံ့ခံ့၊ တည်တည်ကြည်ကြည်ဖြင့် သူ့စာများကို
တစ်ဖက်သူ၏ နှလုံးသားသို့ ထိမှန်စေ၏။ ခွန်အားရှိသော စာများအဖြစ် ပရိသတ်ကို ယခုအချိန်ထိ တသသ ဖြစ်စေခဲ့သည်။ ဆရာကြီး ရွှေဥဒေါင်း၏ မိဖများမှာလည်း လွှတ်ရုံးစာရေး ဦးဧရာနှင့် စာတော်ဖတ် တနင်္ဂသီ ရွာစား ဒေါ်ရွှေတို့ဖြစ်၏။ အဖေက လွှတ်ရုံးစာရေးနှင့် အမေက ဝိဇယကာရီ၊
ဣန္ဒာဝံသတို့ကို ဖတ်လာသော စာတော်ဖတ်များမို့ ဆရာကြီး၏ ပထမဆုံးဝတ္တု ‘ရန်ကြီးအောင်’ကိုအဖေနှင့် အမေကပင် သူတို့ ဘဝင်မကျသော အသုံးအနှုန်းများနှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ပေးခဲ့ကြသည်ဟု ဆိုသည်။

တစ်ချိန်က မန္တလေးသား စာရေးဆရာကြီးမမျိုးလွင်ကို နာမည်ကျော် အင်္ဂလိပ်စာရေးဆရာကြီး
အိပ်ဂျီဝဲလ်စ် မြန်မာပြည်လာစဉ် တွေ့ဆုံသောအခါ ဆရာကြီးမြမျိုးလွင် ရေးသားထုတ်ဝေပြီးသော
ဝတ္တုအရေအတွက်ကို ကြားရ၍ အံ့သြလက်ဖျားခါရသည်ဟု ဆို၏။ ထိုခေတ်ကလည်း ဆရာကြီးမြမျိုးလွင်၏ ထွက်သမျှဝတ္တုတိုင်းကိုလည်း ပရိသတ်က အလုအယက် ဝယ်ယူကြရသည် ဆိုသည်။ ဆရာကြီး၏ ဝတ္တုများ ဤသို့ ရောင်းစွန်သည်မှာ ဇာတ်လမ်း၊ ဇာတ်ကွက်ကြောင့်လား…၊ မဟုတ်။ ပရိသတ် အဓိက စွဲမက်သည်မှာ ဆရာ့ဝတ္တုများမှ
ဖွယ်ဖွယ်ရာရာ စကားပြောများကို စွဲမက်နှစ်သက်ကြသည်ဟု ဆိုသည်။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးများတွေ့ကြ၍ နှစ်ဦးအပြန်အလှန် ချိတ်တိတ်တိတ်၊ ရိတ်တိတ်တိတ် အသည်းတယားယား စကားများကို ရေပက်မဝင် ပြောနိုင်၊ရေးနိုင်သော ကလောင်စွမ်းလည်း ရှိသည်။

ဤသို့သော လိပ်ပတ်လည် ဖွယ်ဖွယ်ရာရာ စကားများတွင် ရိုင်းပျသော စကားအသုံးအနှုန်းများ
မပါဝင်ရုံမက “ချစ်တယ်”ဟူသော စကားလုံးသို့ပင် မရောက်ဘဲ ယဉ်ကျေးသိမ်မွေ့ နားဝင်သာလှသည် ဆို၏။

ဆရာကြီးမြမျိုးလွင်၏ စာများ ဤမျှ ယဉ်ကျေးဖွယ်ဖြစ်သည်မှာ ဆရာ့မိခင်သည် မန္တလေးသူ စစ်စစ်ဖြစ်ရုံမက စကားအလွန်တတ်သော အမျိုးသမီးကြီး တစ်ဦးလည်းဖြစ်သည်ဟု ဆိုသည်။ စကားပြောသလို စာရေးရာတွင် တစ်မူထူးခြားလှသော စာရေးဆရာမကြီး လူထုဒေါ်အမာ၏ မိခင်ကြီး ဒေါ်စုမှာလည်း သူကိုယ်တိုင်က စကားပြောကောင်းလှသလို စကားပြောကောင်း၊ စကားပြောတတ် သူများကိုလည်း အလွန်သဘောကျကာ ထိုသူများကို အိမ်၌ ဧည့်ဝတ်ပြုပြီး သူတို့စကားများကို သဘောကျ နားထောင်တတ်၊ အတုယူတတ် ပြန်လည်ဖောက်သည်ချတတ်သူဟုဆိုသည်။ မိခင်ကြီးဒေါ်စု၏ ပွဲကြည့် အတွေ့အကြုံများကလည်း လူထုဒေါ်အမာအတွက် အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးကဲ့သို့သော စာအုပ်ကြီးများ ပေါ်ထွက်ခဲ့သလို မိခင်ကြီးဒေါ်စု၏ ပြောစကားတိုင်း ပါလေ့ရှိသည့် ပုံတိုပတ်စ၊ စကားတိုစကားစ၊ ဥပမာ ဥပမေယျများက လူထုဒေါ်အမာ၏ ဖွယ်ဖွယ်ရာရာ စကားပြော အရေးအသားများအဖြစ် စွဲထင် ကျန်ရစ်စေခဲ့သည်။

မောင်မောင်ကြီးက သူ့ယောက်ဖ မောင်မောင်သိုက် တီးတဲ့ တီးကွက်တွေကို အားလုံးယူပြီး တီးတာပါပဲ။ ဒါပေမဲ့ သူက မောင်မောင်သိုက်ရဲ့ အကွက်တွေကို ပြုပြင်ပြီး တီးတာမို့ မောင်မောင်သိုက်ကိုယ်တိုင်က တချို့နေရာများမှာ သူ့အကွက်ထက် သာလွန်ကောင်းမွန်ကြောင်း ဝန်ခံတယ်။ အခုခေတ် စောင်းတီးတဲ့ လူတွေဟာ ဘယ်စောင်းသမားမဆို ဒေဝဣန္ဒာမာင်မောင်ကြီးရဲ့ ပညာတွေနဲ့ကင်းပြီး တီးလို့ မရပါဘူးမောင်မောင်ကြီးက မောင်မောင်သိုက် တီးတဲ့ အကွက်တွေကိုယူလိုက်ပေမယ့်
– ခံ့တဲ့နေရာမှာ ပိုခံ့အောင် တီးလာတယ်။
– တွဲ့တဲ့နေရာမှာ ပိုတွဲ့လာတယ်။
-နွဲ့တဲ့နေရာမှာ ပိုနွဲ့လာတယ်။
– သပ်တဲ့နေရာမှာ ပိုသပ်လာတယ်။
– ရှပ်တဲ့နေရာမှာ ပိုရှပ်တီးတယ်။
– သွက်ရမယ့်နေရာမှာ ပိုသွက်တယ်။
– ဟန်ယူရမယ့်နေရာမှာ ပိုဟန်ယူတယ်။
– အဆိုသမားကို သူက အခင်းတဲ့တီးပြီး ခေါ်ယူတယ်။
– အခေါ်နဲ့အခင်းနဲ့တီးပေးတယ်။”ဆိုသော အရေးအသားမျိုးသည် စကားပြောဖွယ်ရာ ယဉ်ကျေးခြင်းမှ ဆင်းသက်လာသော လက္ခဏာများ ဖြစ်၏။

တကယ်တော့ မန္တလေးသူ၊ မန္တလေးသားတိုင်း စကားတတ်သည် မဟုတ်ပေ။ နုတ်ရေး စကားတတ်ခြင်းကား ပါရမီဟုလည်း ခေါ်ရပေမည်။ သို့သော် မန္တလေးသူ၊ မန္တလေးသားများသည် အခြားဒေသမှ လူများထက် ပိုမိုပေါကြွယ်ဝသော စကားအသုံးအနှုန်းဝေါဟာရများကို ကြားဖူးနားဝရှိသော အခြေအနေကို ရယူထားနိုင်ကြ၏။ ထိုအခြေအနေမှာ မန္တလေးသည် တစ်ချိန်က တစ်နိုင်ငံလုံး၏ ရွှေမြို့တော်၊ ထီးစိုက်၊ နန်းစိုက်၊ လွှတ်တော်၊ ရုံးတော်စိုက်ခဲ့သည့်နေရာဖြစ်သည်။ ထို့ကြောင့် ထီးသုံးနန်းသုံး လွှတ်တော်သုံး မြန်မာစကားများကို မန္တလေးတွင် ပီပီပြင်ပြင် ကြားသိခဲ့ကြရသည်။ ထို့ပြင် သဘင်ဂီတ၊ သုခုမနှင့် စာပေအနုပညာများလည်း မန္တလေးတွင် စုစည်းညီညွတ်ထွန်းကားခဲ့သည်။ မြန်မာစကား၊ မြန်မာမှု၊ မြန်မာဝေါဟာရများ မန္တလေးတွင် တစ်စုတစ်ဝေးရှိနေသည်။

အညာ၊ အကြေမှ အရပ်ရပ်ဒေသသုံး စကားများသည် မန္တလေးသို့ ရောက်ရှိလာသောအခါ ထီးသုံးနန်းသုံး အခံ့အညား စကားလုံးများဖြင့် စစ်ယူ ပုံပြောင်းကာ ယဉ်ကျေးဖွယ်ရာသော မန္တလေးစကားအဖြစ် တင်ကျန်ရစ်ခဲ့ခြင်းဖြစ်၏။ထို့ကြောင့် အကြေစကားနှင့် မန္တလေးစကား မတူနိုင်။ အညာစကားနှင့် မန္တလေးစကား မတူနိုင်..။ ထို့အတူ သရက်၊ မင်းဘူး၊ စကု၊ မကွေး၊ မြင်းခြံ၊ ပခုက္ကူ၊ မုံရွာ၊ ယော ၊ ဆော စသော စကားများနှင့် မန္တလေးစကား မတူနိုင်။ ထို့ကြောင့် မန္တလေးသူ မန္တလေးသားများသည် ထိုအချိန်က အများတကာထက် ပိုမိုဖွယ်ရာ၊ ပိုမိုယဉ်ကျေး၊ ပိုမိုကြွယ်ဝ၊ ပိုမိုခိုင်ခံ့သော မြန်မာစကားများအား စေးစေးပိုင်ပိုင် ထွေးပိုက် ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။

စကားလုံး အသုံးနှုန်းသာမက ထီးနှင့်နန်းနှင့် နေခဲ့ရသော မြို့မို့ အပြောအဆို၊ အမူအရာ၊ အနေအထိုင်ကလည်း ယဉ်ကျေး သိမ့်မွေ့ခဲ့ကြခြင်းဖြစ်၏။ ထိုစဉ်က လူကြီးတစ်ယောက် ပြောစကားကိုပင် “အင်း”လိုက်ကာ ခေါင်းညိတ်ခြင်းကိုက ရိုင်းပျခြင်း အမူအရာဟု သတ်မှတ်ကြသည်။ “ဟုတ်ကဲ့ပါခင်ဗျ” ၊ “ဟုတ်ကဲ့ပါရှင့်”ဟု တရိုတသေ ပြောဆိုကြသည်။နူတ်ဆက်သည်ကိုပင် “ကျွန်မတို့ ဦးတင်ပါသေးရဲ့၊ ခွင့်ပြုပါဦးရှင့်၊ ပြန်ပါဦးမယ်”ဟု ယဉ်ကျေးဖွယ်ရာပြောဆိုကြရသည်။ လူကြီးသူမများက သားသမီးများကို “ချစ်စေလိုလည်း ခံတွင်း လက်လေးသစ်၊ မုန်းစေလိုလည်း ခံတွင်း လက်လေးသစ်။ ဒီပါးစပ် လက်လေးသစ်လေးနဲ့ ချစ်အောင်လည်း ပြောလို့ ရတယ်၊ မုန်းအောင်လည်း ပြောလို့ရတယ်။ ရိုင်းရိုင်းပြောတယ်ဆိုတာ လူမုန်းရှာတာပေါ့။ အပြောမှာ ကိုယ်က မတတ်ရင် တတ်တဲ့သူတွေဆီက အတုခိုးရတယ်။ “ဟု ဆုံးမသွန်သင်လေ့ရှိသည်ဟု ဖတ်မှတ်ဖူးပါသည်။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW