မွေးမြူရေးကဏ္ဍကို ထုတ်ချေးထားတဲ့ ချေးငွေတွေ ပြန်ပေးဆပ်ရမယ့်ကာလ သက်တမ်း ၁ နှစ်တိုးပေး

ဒီဇင်ဘာ ၁ -၂၀၂၂
GG(VOM)

မြန်မာနိုင်ငံသားပိုင်တဲ့ ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍကို ထုတ်ချေးထားတဲ့ ချေးငွေကို ပြန်လည်ပေးဆပ်ရမယ့်ကာလ နောက်ထပ် သက်တမ်း ၁ နှစ် တိုးပေးလိုက်တယ်လို့သိရပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ထပ်ပြီးရှိနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ငွေကြေးလည်ပတ်မှု အဆင်ပြေအောင် ချေးငွေ ပြန်လည်ပေးဆပ်ရမယ့် ကာလကို တိုးမြှင့်ပေးလိုက်တာဖြစ်တယ်လို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက နိုဝင်ဘာ ၃၀ ရက်နေ့မှာ အသိပေး ပြောဆိုထားပါတယ်။

” အတိုးကို ပေးထားတဲ့သူဖြစ်ရမယ်။နောက်ပြီး သူတို့ထုတ်ချေးတဲ့ ငွေတွေကို လုပ်ငန်းခွင်မှာတကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမျိုးဖြစ်ရမယ်။အဲ့ဒီအချက်နဲ့ကိုက်ရင် ချေးငွေကို နောက်နှစ်မှပြန်ဆပ်လို့ရတယ်ပေါ့။ ဘာဖြစ်ဖြစ်တနှစ်ထပ်တိုးပေးတော့ ကျနော်တို့လုပ်ငန်းတွေအဆင်ပြေတာပေါ့။အရင်က ကိုဗစ်ကြောင့်၊ အခုကနိုင်ငံရေးအခြေအနေကြောင့် အကုန်အဆင်မပြေကြဘူး ” လို့ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတဦးကပြောပါတယ်။

ငါး၊ ပုဇွန် မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍမှာ ထိခိုက်မှုအများဆုံးဖြစ်တဲ့ လုပ်ငန်း ကုမ္ပဏီပေါင်း ၃၂၅ ခုကို ချေးငွေပမာဏ ကျပ် ၇.၆ ဘီလီယံအထိ ကိုဗစ်-၁၉ ရန်ပုံငွေကနေ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ချေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ချေးငွေသက်တမ်းက တနှစ်ဖြစ်ပြီး အတိုးနှုန်းက ၁ ရာခိုင်နူန်း ဖြစ်ကြောင်း၊န.စက က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုကို ပြန်လည်ကုစားနိုင်ရေးအတွက် ငွေထုတ်ချေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အကယ်လို့ ချေးငွေ အရင်း၊ အတိုး ပျက်ကွက်ရင်တော့ ချေးငွေ သဘောတူစာချုပ်အတိုင်း ဘဏ် လုပ်ထုံးလုပ်နည်းနဲ့အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်လို့ သက်တမ်းတိုးမြှင့် ခွင့်ပြုထားတဲ့ကာလမှာ အပြီးသတ်အကြေပေးဆပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မွေးမြူရေးကဏ္ဍ #ချေးငွေသက်တမ်းတိုး

Related posts

Leave a Comment

VOM News

FREE
VIEW