စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း လူနေအိမ် တစ်ထောင်ကျော် မီးရှို့ခံရပြီး ၊လူ ၅ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၁ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ်နဲ့ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတချို့ဟာ အတွင်း မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်သေဆုံးရသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ အခင်းဖြစ်ပွားရာဒေသက နယ်ခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ကျောက်တိုင်ရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက အိမ်ခြေ ၂၀၀ ရာကျော်ရှိတဲ့အထဲက အိမ်ခြေ ၁၇၀ ကျော် မီးလောင်ပြီး လက်ရှိ အိမ်ခြေ ၃၀ ကျော်ပဲကျန်တယ် ၊အဲ့ဒီအပြင် ဒက္ခိဏရာမကျောင်းတိုက်က ဆွမ်းစားကျောင်းဆောင် တခုလည်း မီးလောင်ပျက်စီးခဲ့တယ်၊ အဲ့ဒီ မီးလောင်ပြင်ထဲမှာ ဒေါ်ပြား အသက် ၉၀ နှစ်နဲ့ ဒေါ်ထူး အသက် ၇၅ နှစ် တို့ ၂ ဦးအပြင် အသက် ၃၇ နှစ်အရွယ် ကိုကျော်ဇင်ဦးဆိုသူဟာ ဝါယာကြိုးနဲ့ လက်နောက်ပြန်ကြိုးတုပ်လျက် မီးလောင်သေဆုံးနေတာကို တွေ့ရတယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ကန့်ဘလူမြို့နယ် ၊ ကျီစုကျေးရွာခံ ပရဟိတသမား တယောက်က” ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၂၂ ရက် ၊ညနေ့လယ်ပိုင်း ၂ နာရီဝန်းကျင်မှာ ရွာထဲကို လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခံရတယ် ၊ အဲ့ဒီနောက် လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတယ် ၊ အိမ်ခြေ တစ်ရာကျော် မီးလောင်ပျက်စီးခဲ့တယ် ၊ အဲ့ဒီ မီးလောင်ပြင်ထဲမှာ ဒေါ်တိုက်ရွှေ ၅၃ နှစ်နဲ့ ကိုကျော်မင်းဦး ၄၂ နှစ် ၂ ဦးဟာ ဝါယာကြိုးနဲ့ လက်နောက်ပြန်ကြိုးတုပ်လျက် မီးလောင်သေဆုံးနေတာတွေ့ရတယ် ၊ အဲ့ဒီ ကျီစုကျေးရွာဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်က လူနေအိမ်ခြေ ၃၁၂ လုံး ပထမအကြိမ် မီးရှို့ခံရပြီး ဒေသခံရွာသား ၁၁ ယောက် အသတ်ခံရတယ် ၊ အခုရှို့ခံရတာက နောက်တကြိမ်ဖြစ်တယ် ၊ ပထမအကြိမ် အရှို့ခံရလို့ အိမ်သစ်ပြန်ဆောက်ထားတဲ့သူတွေလည်း အခု နောက်တကြိမ်ရှို့ခံရတဲ့အထဲ ပြန်ပါတယ် ၊ မီးမရှို့ခံရခင်းက ကျီစုကျေးရွာ လူနေအိမ်ခြေ ၈၇၀ ရှိတဲ့အနက် လက်ရှိမှာ အိမ်ခြေ တစ်ရာကျော်သာ ကျန်တော့တယ်”လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ် ၊ ဖိုလ်ကုန်းကျေးရွာနေ ဒေသခံ တယောက်ကလည်း “နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းက ရွာဘက်မှာ ပစ်ခတ်မှုတွေဖြစ်တယ် ၊ အဲ့ဒီနောက် ရွာထဲက လူနေအိမ် ၈ လုံးနဲ့ စာသင်ကျောင်းဆောင် တဆောင် မီးလောင်ပျက်စီးသွားတယ် ၊ အိမ်မွေး တိရစ္ဆာန်တွေနဲ့ လူအသေအပျောက် မရှိခဲ့ဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် သောက္ကန်ကျေးရွာနေ ဒေသခံ ပရဟိတသမား တယောက်က”နိုဝင်ဘာ ၂၄ ရက် မနက် ၈ နာရီခွဲဝန်းကျင်က ရွာထဲမှာ ပစ်ခတ်တာတွေဖြစ်တယ် ၊ ရွာထဲလူတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့အချိန်မှာ လူနေအိမ် ၇၇ လုံး မီးရှို့ဖျက်ဆီးခံရတယ် ၊ ရွာက လူနေအိမ်ခြေ ၁၈၀ ရှိတဲ့အထဲက ၇၀ ကျော် မီးရှို့ခံရတာဖြစ်ပြီး အဲ့ဒီမှာ ဦးအေးဆောင် ၈၇ နှစ်နဲ့ သူ့မြေး မောင်ကျော်စွာထွန်း ၁၄ နှစ်တို့ မြေးအဘိုး ၂ ယောက်ဟာ ကျည်ဆံထိမှန် ဒဏ်ရာရခဲ့တယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နွားမသင်း ကျေးရွာနေ ဒေသခံ ပရဟိတသမား တယောက်ကလည်း” နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းက ရွာဘက်မှာ ပစ်ခတ်သံတွေကြားရလို့ ရွာကလူတွေ အကုန်ထွက်ပြေးရတယ် ၊ ရွာထဲက လူနေအိမ် ၈၇ လုံး မီးလောင်ပျက်စီးပြီး ၊ အသက် ၉၀ ကျော် မျက်မမြင်ဖြစ်သူ ဒေါ်ဌေး ဆိုသူ မီးလောင်သေဆုံးခဲ့တယ် “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ် ၊ ရွှေဘိုမြို့နယ် ၊ ကန့်ဘလူမြို့နယ် ၊ ခင်ဦးမြို့နယ် ၊ မြောင်မြို့နယ်၊ အရာတော်မြို့နယ် ၊ စစ်ကိုင်းမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေထဲမှာ အိမ်ခြေ တစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူ ၊ အိမ်မွေးတိရစ္ဆာန်တွေအပြင် လယ်ယာလုပ်ငန်းခွင်သုံး ခိုင်းနွားတချို့ပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလို ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာ VOM က အတည်မပြုနိုင်သေးပါဘူး။

ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ISP Myanmar သုတေသနအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်မှာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇူလိုင် ၁၅ ရက်အထိ နိုင်ငံတဝှမ်း ပဋိပက္ခဖြစ်စဥ်တွေကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်နဲ့ အဆောက်ဦးပေါင်း ၂၈၄၁၉ လုံးရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲ့ဒီ အရေအတွက်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မီးရှို့ဖျက်ဆီးခံရတာနဲ့ လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တဲ့ အခြေအနေဖြစ်တယ်လို့ အဲဒီ ကြေညာချက်အရ သိရပါတယ်။

အဲ့ဒီ မီး​လောင်ပျက်စီးဆုံးရှုံးမှု အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ၂ သောင်းကျော် ပါဝင်ပြီး ၊ ဒုတိယ အများဆုံးဖြစ်တဲ့ မကွေးတိုင်းကတော့ ၅ ထောင် ၊ ၇ ရာကျော်ရှိပြီး ကျန်အရေအတွက်က ချင်း ၊ ကယား စတဲ့ ပြည်နယ်ဘက်တွေကလို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW