ရုရှားနိုင်ငံထဲက စစ်အခြေစိုက်စခန်းနှစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်

ကိဗ်ယက်၊ ဒီဇင်ဘာ-၆-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနိုင်ငံထဲက မိုင်ရာချီကွာဝေးတဲ့ စစ်အခြေစိုက်စခန်းနှစ်ခုကို ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း ထိပ်တန်းတာ၀န်ရှိသူတစ်ဦးကို ကိုးကားပြီး နယူးယောက်တိုင်းမ်သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

အဲဒီဒရုန်းတွေကို ယူကရိန်းပိုင်နက်ကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ရုရှားစစ်အခြေစိုက်စခန်းတစ်ခုမှာ လေယာဉ်နှစ်စင်းထက်မနည်း ပျက်စီးခဲ့ပြီး အခြားပျက်စီးမှုတွေလည်းရှိခဲ့တယ်လို့ နယူးယောက်တိုင်းမ်က ဆိုပါတယ်။

ရုရှားနိုင်ငံအလယ်ပိုင်း ရိုင်ဇန်နဲ့ ဆာရာတော့ဗ်ရှိ လေတပ်စခန်းနှစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ ဒီဇင်ဘာ ၅ ရက်က တိုက်ခိုက်ခဲ့တာကြောင့် ရုရှားတပ်ဖွဲ့၀င်သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကာ လေယာဉ်နှစ်စင်း ပျက်စီးခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း တရား၀င်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒီတိုက်ခိုက်မှုဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရုရှားနိုင်ငံရဲ့ ပိုင်နက်အတွင်းကျကျထိ တိုက်ခိုက်မှုတရပ်လည်းဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနိုင်ငံနေရာအနှံ့အပြားကို ဒီဇင်ဘာ ၅ ရက်က ဒုံးကျည်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေပျက်စီးခဲ့ပြီး အရေးပေါ်ဓါတ်အားပေးစနစ်နဲ့ လည်ပတ်နေရတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

Leave a Comment

VOM News

FREE
VIEW