မုံရွာမြို့ထဲမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ၁ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၅ -၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက်ထဲမှာ ဒီဇင်ဘာ ၅ ရက် ၊ ဒီကနေ့ မနက်ပိုင်းက အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားပြီး အဲ့ဒီ ပစ်ခတ်မှုကြောင့် သေဆုံး ၊ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” အသက် ၂၅ ဝန်းကျင် တယောက် ဦးခေါင်းပွင့်ထွက် သေဆုံးဒဏ်ရာနဲ့ ရုပ်အလောင်း တလောင်း ကောက်ခဲ့ရတယ် ၊ ကျည်ဆံထိမှန် ဒဏ်ရာရတဲ့သူ ၃ ဦးလည်းရှိတယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ မြို့တွင်း ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” နတ်လူထိပ္ပန်ရပ်ကွက် ၊ မုံရွာ – မန္တလေးကားလမ်းမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာပစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အရပ်သားပြည်သူ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရတယ်၊ အဲ့ဒီဖြစ်စဥ်ကို လုံခြုံရေးအဖွဲ့က လိုက်လံရှင်းလင်းတဲ့အခါ လမ်းသွယ် ၃ ထဲမှာ ပစ်ခတ်ဖမ်းတဲ့အခါ အသေတယောက် ဖမ်းမိတယ်”လို့ ပြောပါတယ်။

အဲ့ဒီလို ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားသူဟာ အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသားတဦးဖြစ်ပြီး ၊ ဘယ်အဖွဲ့အစည်းက ဘယ်သူဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဒိုးဝိုင်းချောင်းကျေးရွာနားက စစ်ဆေးရေးအဖွဲ့က ဆိုင်ကယ်စီးလာတဲ့ လူ ၂ ဦးကို ရပ်တန့်ခိုင်းတဲ့အခါ ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးတဲ့အခါ လူငယ် ၂ယောက် သေဆုံးသွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW