ရွှေဘိုမြို့မှာ တရားလွှတ်တော်ရှေ့နေတဦး ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေ

ဒီဇင်ဘာ ၊ ၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ပြင်စျေးမြောက်ဘက်ရပ် ၊ အမှတ် ၁ ရပ်ကွက်မှာနေထိုင်ပြီး ရွှေဘိုမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်က တရားရုံးတွေမှာ နိုင်ငံရေးအမှုတွေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတဦးဟာ အမှုလိုက်ပါရာကနေ အပြန်လမ်းမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံနေတယ်လို့ စစ်ကိုင်းတိုင်း ရှေ့နေ အသိုင်းအဝိုင်းကနေ ဒီကနေ့ မနက်ပိုင်းက သိရပါတယ်။

” ပြီးခဲ့တဲ့ရက်ပိုင်း ဒီဇင်ဘာ ၁ ရက် ၊နေ့လယ် ၂ နာရီလောက်က ကန့်ဘလူတရားရုံးကနေ အမှုလိုက်ပြီး ရွှေဘိုမြို့ကို အပြန်လမ်း ခင်ဦးမြို့နယ်နဲ့အဆက် ၊ သုံးဆယ်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၅ ဖာလုံနေရာဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းရီကို လူရော ကားပါ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ် ၊ အဲ့ဒီနောက် အဆက်အသွယ် လုပ်လို့ မရတော့ဘူး ၊ ဒါနဲ့ အခြေအနေမှန် သိရအောင် နည်းမျိုးစုံနဲ့ ချိတ်ဆက် စုံစမ်းတဲ့အခါ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းရီ ဖြစ်သူကို ကန့်ဘလူမြို့နယ် ၊ ရေရှင်ကျေးရွာအုပ်စု ၊ ကျွဲဖြူကျေးရွာ သုဿန်မှာ သတ်လိုက်ပြီလို့ သိရတယ် ၊ အလောင်းပြန်ရတာ ၊ ကားပြန်ရတာတော့ အခုထိ မရှိသေးဘူး “လို့ ဒေါ်စန်းစန်းရီ မိသားစုနဲ့ နီးစပ်တဲ့ ရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ၊ ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ နီးစပ်သူတယောက်က” နိုင်ငံရေး အမှုတွေကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းရီ ပျောက်နေတယ်လို့တော့ ကြားရတယ် ၊ အလောင်းတွေ့တာ မရှိသေးတော့ အသတ်ခံရပြီလို့ တရားဝင် ပြောလို့မရသေးဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ရတနာပုံ ရပ်ကွက် ၊ အောင်သပြေလမ်းမှာနေတဲ့ အထက်တန်းရှေ့နေ ဒေါ်မြစန်းလွင် ဆိုသူဟာ သူ့သမီးဖြစ်သူ ၂ နှစ်အရွယ် ကလေး ၁ ယောက်နဲ့ ၄ နှစ်အရွယ် ကလေး ၁ ယောက် နဲ့အတူ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က အိမ်ဝန်းခြံမြေ အရောင်းအဝယ် စာချုပ် ချုပ်ဆိုဖို့အတွက် ပြင်ဦးလွင်မြို့ကို သွားရောက်ခဲ့ရာ ဒီကနေ့အထိ မိသားစုနဲ့ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေါ်မြစန်းလွင်ရဲ့ မိသားစုအသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာ ၁၃ ရက် ၊ ညနေပိုင်းက မုံရွာအကျဥ်းထောင် အထူးတရားခွင်ကနေ နိုင်ငံရေးအမှုတွေ လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ တရားလွှတ်တော် ဦးဇင်မင်းထွန်း ဆိုသူဟာ တရားခွင်ကနေ နေအိမ်ကိုပြန်အရောက် နေအိမ်ရှေ့မှာတင် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့ဖူးပါတယ်။

ပုံစာ – တရားလွှတ်တော် ဒေါ်စန်းစန်းရီ
Photo – ရွှေဘို ရှေ့နေ အသိုင်းအဝိုင်း
#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW