ဒီဇင်ဘာ ၆-၂၀၂၂
GG (VOM )
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကို ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ကာ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီး ဆိုင်ကယ်စီးခွင့်ပိတ်ထားပါရဲ့နဲ့ ဆိုင်ကယ်စီးနင်းတာကို ဖမ်းဆီးရမိပါက ဆိုင်ကယ်ကိုသိမ်းဆည်းမှာဖြစ်တယ်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးနေတယ်လို့ သိရပါတယ်။
ဆိုင်ကယ်စီးခွင့်စပိတ်တဲ့ ဒီကနေ့မနက်မှာပဲ လှိုင်သာယာမြို့နယ်က ရပ်ကွက်တွေအထဲထိ ဝင်ဖမ်းနေသလို လမ်းမကြီးတွေပေါ်မှာလည်း ဖမ်းဆီးမှုတွေလုပ်နေပြီလို့ သိရပါတယ်။
” မနေ့က ညမှာ အုပ်ချုပ်ရေးမှူးအဖွဲ့က လိုက်အော်တယ် ဆိုင်ကယ်စီးခွင့်ပိတ်လိုက်ပြီ စီးတာတွေ့ရင် အရေးယူမယ် ဆိုင်ကယ်သိမ်းမယ်တဲ့။ အရင်ကလည်းမစီးဖို့ပြောပေမယ့် အခုက တရားဝင်ပိတ်လိုက်တဲ့သဘောထင်တယ်၊ ဆိုင်ကယ်စီးခွင့်ပိတ်လို့တော့ ဘာအလုပ်မှလုပ်စားမရဘူး ၊ အရင်ရက်တုန်းက ဗုံးတွေဆင့်ပေါက်လို့ ပိတ်လိုက်တာလည်းဖြစ်နိုင်တယ် ။ဒီနေ့ရပ်ကွက်တွေထဲအထိ လိုက်ဖမ်းနေတာ။လမ်းမကြီးတွေမှာလည်းဖမ်းနေပြီ “လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေထိုင်သူတဦးကပြောပါတယ်။
ဆိုင်ကယ်စီးနင်းခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်းကို တော့ ရပ်ကွက်အလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက မနေ့ ဒီဇင်ဘာလ ၅ ရက် ညပိုင်းမှာ ရပ်ကွက်နေထိုင်သူတွေကို လိုက်လံအသိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” လှိုင်သာယာက ဆိုင်ကယ် အဓိကအသုံးပြုလုပ်ကိုင်စားသောက်နေရတဲ့မြို့ပါ။ အဲ့ဒါကို ဆိုင်ကယ်စီးခွင့်ပိတ်တော့ ဘယ်လိုလုပ်ကိုင်စားသောက်မလဲ၊ နိုင်ငံရေးမကောင်းလို့ အလုပ်အကိုင်မကောင်း၊စားဝတ်နေရေးကျပ်တည်းပါတယ်ဆို အခုတမျိုးထပ်လုပ်ပြန်တယ်။ ဆိုင်ကယ်လိုင်စင်မဲ့စီးခွင့်ပိတ်တယ်ဆိုတောင် တော်သေးတယ်။အရင်ကတော့ပိတ်လိုက် ပြန်စီးလိုက်ပဲ။အခုတခါလည်းအခြေအနေစောင့်ကြည့်ရမှာပဲ “လို့ နောက်ထပ် လှိုင်သာယာဒေသခံတဦးက ပြောပါတယ်။
လှိုင်သာယာမြို့နယ်ဟာ အခြေခံလူတန်းစားအများဆုံးနေထိုင်တဲ့မြို့ဖြစ်သလို ရွှေ့ပြောင်းလုပ်သားအများဆုံး အလုပ်လုပ်ကိုင်နေတဲ့မြို့ဖြစ်ပြီး ဆိုင်ကယ်အသုံးပြုမှုများတဲ့မြို့လည်းဖြစ်ပါတယ်။
ဒါကြောင့် အခုလို ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာဟာ ဆိုင်ကယ်အဓိကအသုံးပြုပြီး အလုပ်လုပ်နေရတဲ့ဆိုင်ကယ်ကယ်ရီသမားတွေ၊ စက်ရုံ၊အလုပ်သမားတွေ အတွက်အခက်အခဲဖြစ်နေရတယ်လို့်သိရပါတယ်။
ပြီးခဲ့တဲ ဇွန်လတုန်းကလည်း လှိုင်သာယာမှာ ဆိုင်ကယ်နဲ့ ဘက်ထရီစက်ဘီးတွေ စီးခွင့်ပိတ်လိုက်တယ်လို့ အသိပေးတာရှိခဲ့ပြီး ဖမ်းမိတဲ့ဆိုင်ကယ်တွေကို ငွေဒဏ်ရိုက်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
အရင်ကလည်း ရန်ကုန်တိုင်းထဲက သန်လျင်မြို့၊ တွံတေး၊ဒလ ၊ခရမ်း မြို့နယ်တွေမှာဆိုင်ကယ်စီးခွင့် ပိတ်ထားတာဖြစ်ပါတယ်။
#voiceofmyanmar #VOM #လှိုင်သာယာ #ဆိုင်ကယ်စီးခွင့်ပိတ်