နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင် ၆ နှစ်နဲ့ ငွေဒဏ်ချမှတ်

ဒီဇင်ဘာ ၇-၂၀၂၂
GG +KT (VOM)

ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) ခေါ် နှင်းဆီပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကိုအင်းစိန်အကျဉ်းထောင်တွင်းတရားရုံးက ထောင် ၆ နှစ် နဲ့ ငွေ ၂ သိန်း အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဦးကျော်မြင့်ကို ၁၉၉၀ခုနှစ်ငွေကြေးဥပဒေပုဒ်မ ၈၂ အရ ၃ နှစ်၊၂၀၁၆ ခုနှစ်ငွေရေးကြေးရေးဥပဒေပုဒ်မ ၁၇၁ အရ ၃ နှစ် သီးခြားစီကျခံရမယ်လို့အမိန့်ချလိုက်တာဖြစ်ပြီး ငွေဒဏ် ၂ သိန်းလည်းချမှတ်ခဲ့ပါတယ်။

” ဟုတ်ပါတယ် မနေ့က အမိန့်ချလိုက်တာပါ။အရင် NLD အစိုးရလက်ထက်က စွဲဆိုထားတဲ့ အမှုတွေကိုအမိနိ့ချတာပါ “လို့ UDP ပါတီဝင် ဖြစ်ခဲ့ဘူးသူ တဦးကပြောပါတယ်။

ဦးကျော်မြင့်ကို NLD အစိုးရလက်ထက် ပြီးခဲ့တဲ့၂ဝ၂ဝ ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့မှာ UDP နှင်းဆီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ကာ ပါတီကိုဖျက်သိမ်းခဲ့ပါတယ်။

လက်ရှိ ဦးကျော်မြင့်ဟာ လ.ဝ.ကဥပဒေ ပုဒ်မ ၁၃(၁)နဲ့လည်း တရားစွဲဆိုခံထားရပြီး အဲ့ဒီအမှုအတွက် အခု ဒီဇင်ဘာလထဲမှာ အမိန့်ချမှတ်ခံရနိုင်ကြောင်း၊နောက်ထပ်လည်း ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၄၃) နဲ့ တရားစွဲဆိုထားရလို့ တရားရင်ဆိုင်နေရတယ်လို့သိရပါတယ်။

NLD အစိုးရလက်ထက် ၂၀၂၀ နှစ် စက်တင်ဘာ ၃၀ ရက် ညပိုင်းက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ယာမှာ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ပြေးမှုနဲ့အရင်ပြစ်မှုမှကြွေးကျန် ထောင်ဒဏ်ကိုးနှစ်နဲ့ ထပ်တိုးထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့ပါသေးတယ်။

ချမ်းအေးသာစံမြို့နယ်မှာ ထောင်ဒဏ် ၁၁ နှစ်အမိန့်ချပြီးနောက် လှိုင်သာယာမြို့မရဲစခန်းမှ တရားစွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ဖို့ အင်းစိန်အကျဥ်းထောင်သို့ ပြောင်းရွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #နှင်းဆီပါတီဦးကျော်မြင့် #ထောင်၆နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW