ရေဦးမြို့နယ်မှာ ၃ ကြိမ်ဆက်တိုက် မီးရှို့ခံရတာကြောင့် ပေါ်တူဂီရွာဟောင်းကြီး ပြာကျ

ဒီဇင်ဘာ ၊ ၁၅ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့နယ် ၊ အနောက်ခြမ်းမှာရှိတဲ့ ချမ်းသာရွာကြီး ခေါ် ပေါ်တူဂီရွာဟောင်းကြီးဟာ ၃ ကြိမ်ဆက်တိုက် မီးရှို့ခံရတာကြောင့် ရွာလုံးကျွတ်နီးပါး ပြာကျသွားတယ်လို့ ရေဦးမြို့ခံတွေဆီက သိရပါတယ်။

“ချမ်းသာရွာကြီး ခေါ် ပေါ်တူဂီ ရွာဟောင်းမှာ အရင်က လူနေအိမ်ခြေ ငါးရာဝန်းကျင်ရှိတယ် ၊ ဒီနှစ် မေ ၇ ရက်က ပထမအကြိမ် မီးရှို့ခံရတယ် ၊ လူနေအိမ်၂၄ လုံး ဆုံးရှုံးခဲ့တယ် ၊ အဲ့ဒီနောက် ဇွန် ၇ ရက်မှာ လူနေအိမ် တစ်ရာကျော် ဒုတိယအကြိမ် မီးရှို့ခံရတယ် ၊ မနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ တတိယအကြိမ် မီးရှို့ခံရတယ် ၊ ချမ်းသာရွာ တောင်ပိုင်း ၊ မြောက်ပိုင်း ၊ ထန်းတောကုန်း အပါအဝင် အိုးသယ်ခွက် တရပ်ကွက်လုံးမှာ ကျန်တဲ့အိမ်တွေကို မီးရှို့ခံရတယ် ၊ ခန့်မှန်း အိမ်ခြေ သုံးရာဝန်းကျင်ရှိမယ် ၊ ရွာလုံးကျွတ်နီးပါး ကုန်သွားပြီ “လို့ ချမ်းသာရွာကြီးမှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ချမ်းသာကြီးရွာ မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ရေဦးမြို့ခံ တယောက်က ” ချမ်းသာကြီးရွာက ရှေးဟောင်းရွာကြီးဖြစ်တယ် ၊ ငဇင်ကာလက်ထက်က စတင်ရွာဖြစ်ပေါ်ခဲ့တာ ၊ ပေါ်တူဂီ ရွာဟောင်းကြီးဖြစ်တယ် ၊ ရွာမှာက ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သူတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတူယှဥ်တွဲ နေထိုင်ကြတာဖြစ်တယ် ၊ မနေ့က တတိယအကြိမ်မြောက် မီးရှို့ခံရပြီး ရွာလုံးကျွတ် ပြာကျသွားတယ်၊ အဲ့ဒီ မီးလောင်ပြင် အိုးသယ်ခွက်ရပ်ကွက်ဘက်အပိုင်းမှာ သေဆုံးနေတဲ့ ရုပ်အလောင်း တလောင်းလည်း တွေ့ရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ မီးဟာ ဘာကြောင့် လောင်တယ် ၊ ဘယ်အဖွဲ့အစည်းက ရှို့တယ်ဆိုတာ အခုထိတော့ အတည်ပြုပေးသူ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ်ဘက်က ပျော်ဘွယ်ရွာ ၃၃ အိမ် ၊ ( မစိုးရိမ်ရွာရေဦးမြို့နယ်) ၊ မဲအိုးရှာ ၈၃ အိ မ် ၊ ညောင်ကြီးကုန်းရွာ ၆၄ အိမ် ၊ လက်ယက်ကုန်းရွာ ၁၈၆အိမ် ၊ မူးခံတွင်းရွာ ၁၆၃ အိမ် ၊ ညောင်လှရွာ ၁၉၇ အိမ် ၊ ကံကုန်းရွာ ၅ အိမ် ၊ ဝဲကြီးရွာ ၈၅ အိမ် ၊ သပြေသာရွာ ၂၅ အိမ်ံ ၊ ရုံးသာရွာ ၃၀ အိမ် ၊ နများ ၃၁၈ အိမ် ၊ ယဥ်ကျေးရွာ ၁၃ အိမ် ၊ မူးရိုးကုန်းရွာ ၈၅ အိမ် ၊ ဘန့်ဘွေးရွာ ၁၂ အိမ် ၊ အင်ပင်ရွာ၂၅၀ အိမ် ၊ ကုန်းတဲရွာ ၇၅ အိမ် ၊ ကုန်းကြီးရွာ ၁၂ အိမ် ၊ ပေါက်ရင်းရွာ ၉ အိမ် ၊ ချောင်းပေါက်ရွာ ၃၈ အိမ် ၊ ရွာပေါင်း ၁၉ ရွာနဲ့ လူနေအိမ် ၁၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး

Related posts

Leave a Comment

VOM News

FREE
VIEW