လောင်းလုံးမြို့နယ်မှာ ရဲစခန်းကထွက်လာသူ တဦးနဲ့ နွားကျောင်းသား တဦး ပစ်သတ်ခံရ

ဒီဇင်ဘာ၊၂၄-၂၀၂၂
MM(VOM)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ရဲစခန်းကထွက်လာသူ ၁ ယောက် နဲ့ နွားကျောင်းနေသူ ၁ ယောက် သေနတ်နဲ့ပစ်သတ်ခံရမှု မနေ့ ဒီဇင်ဘာ ၂၃ ရက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ကိုနေလင်းထွန်း (ခ)နော်မှေးဖြစ်ပြီး လောင်းလုံး ရဲစခန်းကနေ ထွက်လာတဲ့အချိန် အမည်မသိသူတွေက သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်ပြီး သေနတ်ဒဏ်ရာ အနည်းဆုံး ၆ ချက်လောက်နဲ့ နေရာမှာတင် သေဆုံးသွားတာလို့ သိရပါတယ်။

ဒါ့အပြင် ဒေသခံ အမည်မသိ အမျိုးသား ၁ ယောက်လည်း လောင်းလုံးမြို့အထွက် ညင်းမော် ကျေးရွာအနီး ဆီအုန်းတောအစပ်မှာ နွားကျောင်းနေတဲ့အချိန် သေနတ်နဲ့ ပစ်သတ်ခံရသေးတယ်လို့ ဒေသခံ လူမှုကူညီအဖွဲ့ ပရဟိတဆောင်ရွက်သူ တယောက်ကပြောပါတယ်။

”ကိုနေလင်းထွန်းက ပြည်သူ့စစ်အဖွဲ့ဝင်လို့သိရတယ် ၊ အသက်က ၄၀ ကျော်ကျော်လောက်ရှိမယ် ၊ သူက
မနေ့ မနက် ၁၀ နာရီကျော်ကျော်လောက်က လောင်း လုံးမြို့နယ် ၊ ဝေဒီရွာလမ်းပေါ်မှာ ပစ်သတ်ခံရတာ၊
ဒေသခံ နွားကျောင်းနေတဲ့သူကတော့ ဆီအုန်းတောစပ်မှာ ပစ်သတ်ခံရတာ ၊ ပစ်သတ်ခံရတဲ့နွားကျောင်းနေသူက အမျိုးသား ဘယ်သူတွေပစ်လို့ ဘယ်သူတွေဘက်က လုပ်တာလည်း ဆိုတာတော့ မပြောတတ်ပါဘူး၊ အခြေအနေက အတော်ရှုပ်နေတယ် ၊ ဒီဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရတဲ့သူတွေလည်း ရှိနေတယ်။”လို့ သူက VOM ကို ဆက်ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်အစောပိုင်း မနက် ၅ နာရီ ကျော်ကျော်လောက်က လောင်းလုံးမြို့နဲ့ ညင်းမော်အကြား ပိုးစာပင်လို့ခေါ်တဲ့နေရာမှာ စစ်ကား ၁ စီးလည်း မိုင်းဆွဲခံရသေးတယ်လို့ ဖြစ်စဉ်ကိုတွေ့ရှိတဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲ့ဒီ့ဖြစ်စဉ်တွေနဲ့ ဆက်စပ်လို့ ညင်းမော်ကျေးရွာ အနီးက တောတောင်တွေထဲမှာ စစ်ဆေးရှာဖွေမှုတွေလုပ်ဆောင်ခဲ့ပြီး လမ်းသွားလမ်းလာ ၁၀ ယောက်ထက် မနည်းကို မသင်္ကာသူတွေဆိုပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတယောက်က VOM ကိုပြောပါတယ်။

“လောင်းလုံးမှာ မနေ့က ပစ်ခတ်တာတွေလည်း ဖြစ်တယ် ၊ စစ်ကား မိုင်းဆွဲခံရတာတွေလည်း ဖြစ်တယ် ၊ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာတွေ့ရတယ် ၊ဆိုင်ကယ်နဲ့ အလုပ်သွားတဲ့ ရွာသား ၁၀ ယောက်ထက် မနည်း အဖမ်းခံရတာ ၊ ကျွန်တော်တို့နဲ့ သိတဲ့သူတွေ အဖမ်းခံရတာပါ ၊ ဘယ်ကို ဖမ်းခေါ်သွားမလည်းတော့ မသိဘူး ၊ သူတို့ထဲမှာ ကယ်ရီဆွဲတဲ့သူတွေ ၊ ပန်ရန်သမားတွေလည်းပါတယ် ၊ မနေ့က ညနက်ပိုင်းအထိ စစ်ဆေးနေတာ။”လို့ သူက VOMကို ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်ကလည်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ထဲက ကျောက်ဆင်ကျေးရွာက အမျိုးသား ၁ ယောက် ၊ သကျက်တောကျေးရွာက အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်တို့ နေအိမ်ထဲဝင်ကာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့သေးတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#VOM #voiceofmyanmar #လောင်းလုံး

Related posts

Leave a Comment

VOM News

FREE
VIEW