ကြိုတင်ကြေညာမှုမရှိဘဲ တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ခေတ္တပိတ်

ဇန်နဝါရီ ၂ – ၂၀၂၃
SN (VOM)

ရန်ကုန်အပါအဝင် တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ် လျှောက်ထားထုတ်ပေးရေးရုံးတွေ အားလုံးကို ဒီနေ့ ဇန်နဝါရီ ၂ ရက်နေ့က စ၊ ပိတ်သိမ်းလိုက်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

အခုလို ရုံးတွေ ပိတ်လိုက်တာနဲ့ ပတ်သက်ပြီး တရားဝင် ကြိုတင်ကြေညာမှုမရှိသလို နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီကနေ့ကစပြီး ရပ်တန့်သွားတာဖြစ်ပါတယ်။

အရင်က Online Booking စနစ် ရပ်နားထားချိန်၊ နယ်ရုံးတွေမှာ ဆက်လက် ထုတ်ပေးနေပေမယ့်လည်း ဒီနေ့မှာတော့ တနိုင်ငံလုံးပိတ်လိုက်တာဖြစ်ပြီး ပြန်ဖွင့်မယ့်ရက်ကို အတိအကျ မသိရဘဲ Website ကနေ ပြန်ကြေညာပေးမယ်လို့သာ ပြောတယ်လို့ နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်ခဲ့သူတွေဆီက သိရပါတယ်။

“ကျွန်တော်တို့‌ ရောက်သွားတော့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကတော့ နည်းပညာအဆင့်မြှင့်တင်ဖို့ အခုလိုနားထားတာဆိုပြီး ရုံးအပြင်မှာ စာကပ်ကြေညာထားတာ တွေ့ရတယ်။ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့လည်း သိရတယ်။ ပြန်ဖွင့်မယ့်ရက်ကို ဝက်ဘ်ဆိုက်ကနေ ကြေညာပေးမယ်လို့တော့ ပြောပါတယ်” လို့ နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်သူတဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ်အတွက် QR ကုတ် ရယူပြီး ရက်ချိန်း လျှောက်ထားတာကို ကာယကံရှင်ကိုယ်တိုင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ဖို့အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြီး ရန်ကုန်ရုံးကို ပိတ်ထားခဲ့ရာက အခု နိုင်ငံတဝှမ်းက ရုံးတွေကိုပါ ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“QR ရလို့ပျော်ရတယ်။ သွားတဲ့ရက်ကျ အဆင်မပြေမှာစိုးလို့ စိုးရိမ်ရတာတမျိုး။ အခုကျ နောက်တမျိုး၊ မရိုးနိုင်အောင်ဘဲ။ သွားတန်းစီတုန်းကလည်း ရင်တမမနဲ့။ ပြီးသွားတော့ ၇ ရက်နေ့ စာအုပ်ရတော့မယ်ဆိုလို့ ပျော်နေတာ။ ခုများတော့ ဘယ်အချိန်ဘယ်ကာလကို ထပ်မျှော်ရမှန်း မသိတော့ဘူး”လို့ နိုင်ငံကူးလက်မှတ် လျှောက်ထားသူတဦးက ပြောပါတယ်။

ပတ်စ်ပို့ရုံးနဲ့ နီးစပ်သူတွေကတော့ ဇန်နဝါရီ ၅ ရက်မှာ ရုံးတွေပြန်ဖွင့်မယ်လို့ ပြောဆိုနေကြပြီး၊ ဒီရက်ပိုင်း ကြားပွဲစားတွေက ပတ်စ်ပို့ လုပ်ပေးမယ်လို့ ပြောဆိုတာတွေကို မယုံကြဖို့နဲ့ ရန်ကုန်ရုံးမှာ Online booking ရယူထားပြီးသားသူတွေအနေနဲ့လည်း ဆက်လက်စောင့်ကြည့်ကြဖို့ သတိပေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #နိုင်ငံကူးလက်မှတ်ရုံး

Related posts

Leave a Comment

VOM News

FREE
VIEW