ကျင်စန်းကျော့လမ်းပိုင်းမှာ ရှန်တိန် ၃ ဆင့် ဖျက်သိမ်း

ဇန်နဝါရီ ၁၅-၂ဝ၂၃
Shy V (VOM)

တရုတ် – မြန်မာ နယ်စပ်လမ်းကြောင်းဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ် ကျင်စန်းကျော့လမ်းပိုင်း ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) ၃ ဆင့် ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

“ဟုတ်တယ်။ ဖြုတ်လိုက်ပြီ။ နောက်ဆုံး တစ်ဆင့်ပဲ ကျန်တော့တယ်၊ ကိုဗစ် သတ်မှတ်ချက်နဲ့ ပုံမှန် ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ် အသုံးပြုနေတဲ့ ရွှေမိုင်းယု ကနေ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကနေ နှင်းနှင်းခိုင် ဆေးဖျန်းကွင်း၊ နှင်းနှင်းခိုင် ဆေးဖျန်းကွင်း ကနေ ရွှေလီရေးဗားကွင်း စတဲ့နေရာတွေကို ရှန်တိန် စနစ် ဖျက်သိမ်းလိုက်တာ”လို့ နယ်စပ် ကုန်သည် တဦးက ပြောပါတယ်။

တရုတ်ဘက်နဲ့ ကပ်လျက်ဖြစ်တဲ့ ရွေလွယ်အင်မှာပဲ ရှန်တိန် တစ်ဆင့်သာ ကျန်ရှိတော့တယ်လို့ နောက်ထပ် ကုန်သည် တဦးကလည်း ပြောပါတယ်။

အရင်က ရွှေမိုင်းယုကွင်းကနေ ကုန်သွယ်ရေးဇုန်အထိ နဲ့ ကုန်သွယ်ရေးဇုန်ကနေ နှင်းနှင်းခိုင်ကွင်းအထိ ရှန်တိန် ၂ ဆင့် အတွက် ရှန်တိန်သမား ငှားခ ၃၅၀၀၀ ကျပ်၊ နှင်းနှင်းခိုင်ကွင်းကနေ ရွှေလီရေးဗားကွင်းထိ ရှန်တိန်ခ ၆၀၀၀၀ ကျပ်၊ ရွှေလီရေးဗားကွင်းကနေ ကျင်စန်းကျော့လွယ်အင်ရွာအထိ ရှန်တိန်ခ ၂၀၀၀၀ ကျပ် နဲ့ လွယ်အင်ရွာကနေ ရွှေလွယ်အင်ကွင်းအထိနောက် ရှန်တိန် တစ်ဆင့် ခက ၂၀၀၀ ကျပ် ဖြစ်ပြီး စုစုပေါင်း ရှန်တိန်ခ သီးသန့် ၁၁၇, ၀၀၀ ကျပ် ကုန်ကျရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီ ရှန်တိန်ကွင်းထဲတွေမှာလည်း ညအိမ်ခ ပေးရပြီး ရက်အလိုက် ကြာရင်ကြာသလို ကုန်ကျရတာ ဖြစ်ပါတယ်။

ကိုဗစ်‌-၁၉ ကပ်ရောဂါကြောင့် ကပ်ရောဂါကာလမှာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရာဂိတ်တွေမှာ ရှန်တိန် စနစ် သုံးခဲ့တာဖြစ်ပြီး တရုတ်ဘက်ခြမ်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ကတည်းက တရုတ်ဘက်က တနိုင်ငံလုံး ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပြီး တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေ အားလုံးကို ရှန်တိန်စနစ် ဖြုတ်ပစ်ခဲ့ကာ ကျင်စန်းကျော့ – ဝမ်တိန် လမ်းကြောမှာတော့ ဒီနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ကစ ရှန်တိန် သုံးဆင့် ဖြုတ်လိုက်တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ကျင်စန်းကျော့ဂိတ် #ရှန်တိန်သုံးဆင့်ဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW