ရန်ကုန်မှာ လူဦးရေစာရင်းကောက်နေချိန် ပစ်ခတ်ခံရလို့ သေဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရှိ

ဇန်နဝါရီ ၁၅-၂၀၂၃
KK(VOM)

၂၀၂၃ ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ လူဦးရေစာရင်းကောက်ယူနေချိန် ဗုံးပေါက်ကွဲမှုနဲ့ပစ်ခတ်မှု့တွေ​ဖြစ်လို့ သေဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရှိတယ်လို့ မြို့ခံတွေဆီသိရပါတယ်။

ဒီကနေ့ မနက်ခြောက်နာရီက သာကေတမြို့နယ်၊ ၁၀/တောင် ၁၄ ရပ်ကွက်၊ သလ္လာဝတီ (၁)လမ်းမှာ ဆိုင်ကယ်စီးလာသူနှစ်ဦးက ပစ်ခတ်ခဲ့လို့ ရာအိမ်မှူးတဦးသေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက VOM ကိုပြောပါတယ်။

“မနက်အစောကြီးပစ်သွားတာ စစ်တပ်ရော ရဲရော လမ်းတွေပိတ်ပြီး ပစ်တဲ့သူကိုရှာတယ် မမိဘူး၊ အပစ်ခံရတာ ရာအိမ်မှူးပါ ဆေးရုံမပို့ခင်သေသွားတယ်”လို့ သူကရှင်းပြပါတယ်။

အလားတူ ဇန်နဝါရီ ၁၁ ရက် နေ့လယ်ပိုင်းကလည်း
တာမွေမြို့နယ်၊တာမွေ {ကခ}ရပ်ကွက်၊၁၆၂လမ်းမှာ လူဦးရေစာရင်းကောက်နေချိန် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက VOM ကိုပြောပါတယ်။

“ဗုံးပေါက်တာတော့ ကြားတယ် လူထိခိုက်မှု မရှိတော့ သတင်းက သိပ်ပြန့်မသွားဘူး ယ၊ ပစ်တာခတ်တာတွေနဲ့ဗုံးပေါက်တာတွေက ဖြစ်နေအုံးမှာပဲ “လို့ ရှင်းပြပါတယ်။

ရန်ကုန်မှာ လူဦးရေစာရင်းကောက်နေချိန် အင်းစိန်၊လှိုင်နဲ့စမ်းချောင်းမြို့နယ်မှာတော့ အမျိုးသားသုံးဦးနဲ့အမျိုးသမီးတဦး ဖမ်းဆီးခံရတယ်လို့လည်း နိူင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက VOM ကိုပြောပါတယ်။

“အင်းစိန်မှာ တယောက် လှိုင်မှာ နှစ်ယောက် စမ်းချောင်းမှာ တယောက်၊ ဘာကြောင့်ဖမ်းလဲဆိုရင် လူဦးရေစာရင်းကောက်တာကို နှောင့်ယှက်လို့ဆိုပြီး ဖမ်းတာ”လို့ ပြောပါတယ်။

အဆိုပါ အင်းစိန်၊လှိုင်နဲ့စမ်းချောင်းမြို့နယ်တို့မှာ အမျိုးသားသုံးဦးနဲ့အမျိုးသမီးတဦး ဖမ်းဆီးခံရတာနဲ့ပတ်သတ်ပြီး နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ပြောဆိုမှုအရသာသိရပြီး VOM သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိပေ။

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ ဇန်နဝါရီလ ၉ ရက်ကစပြီး ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကို စတက်ကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒီလိုကောက်ယူမှုကို စတင်ခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ လောင်းလုံမြို့နယ်မှာ ဒုရဲအုပ်တဦး ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်မှာတော့ သထုံမြို့နယ် တောင်စွန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးတဦးနဲ့ထွေအုပ် စာရေးဝန်ထမ်းတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ပါတယ်။

Photo Crd – Original Uploader
ပုံစာ- ကျောက်တံတားမြို့နယ်တွင် လူဦးရေစာရင်းကောက်နေပုံ
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW