ဟုမ္မလင်းမြို့မရဲစခန်းက ရဲအရာရှိတွေကို ဖမ်းဆီးချုပ်နှောင်ပြီး အကြမ်းဖက်မှုနဲ့ ဆက်နွယ်တယ်ဆိုကာ စစ်ဆေးခံနေရ

ဇန်နဝါရီ ၊ ၂၁ -၂၀၂၃
Voice Of Myanmar(VOM)

စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ် ၊ ဟုမ္မလင်းမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတွေကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးချုပ်နှောင်းထားတဲ့ အချုပ်တရားခံတွေနဲ့ ဆက်နွယ်နေတယ်ဆိုကာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးချုပ်နှောင်လိုက်တယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။

” အကြမ်းဖက်မှုနဲ့ ရဲစခန်း အချုပ်ခန်းမှာ တရားရင်ဆိုင်နေရတဲ့ အချုပ်တရားခံတွေရှိတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက အချုပ်ခန်းထဲကို သက်ဆိုင်ရာက ရှာဖွေ စစ်ဆေးတဲ့အခါ ၊ ကီးပက်ဖုန်း ၄ လုံး သိမ်းဆည်းရမိတယ် ၊ အဲ့ဒီလို အကြမ်းဖက်မှု အချုပ်တရားခံတွေဆီက ဖုန်းတွေ သိမ်းဆည်းရမိတယ်ဆိုတာ ၊ တာဝန်ကျရဲတွေနဲ့ ဆက်နွယ်နေတယ်ဆိုပြီး ၊ ရဲစခန်းတာဝန်ကျ ရဲအရာရှိတွေကို ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်တယ်”လို့ ဟုမ္မလင်းမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ” စခန်းမှူး အပါအဝင် ဒုရဲအုပ် ၄ ဦး ၊ ရဲအရာခံ ၁ ဦး ဖြစ်တယ်လို့ကြားရတယ် ၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူထားတာ ထင်တယ်”လို့ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးမှာ လျှို့ဝှက် သတင်းပေါက်ကြားတာနဲ့ပတ်သက်ပြီး ရဲမှူးချုပ် ၁ ဦးအပါအဝင် ရဲအရာရှိတွေ စုံစမ်းစစ်ဆေးနေတာ ခံရတယ်လို့ လူမှုကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ပတ်သက်ပြီး နေပြည်တော် ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်က ” လျှို့ဝှက် သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး နိုင်ငံဖြတ်ကျော် မှုခင်းဌာနက တပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်ဌေးမြင့် အပါအဝင် အရာရှိတချို့ စစ်ဆေးခံနေရတာရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ် ၊ ဌာနတွင်း စစ်ဆေးမှုဆိုတော့ အတည်ပြုနိုင်ဖို့ ခက်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အစည်းအဝေး လျှို့ဝှက် သတင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး ရဲမှူးချုပ် အောင်ဌေးမြင့်ဌာနတွင်း စစ်ဆေးမှုတွေ ပြုလုပ်ခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကို အခုထိတော့ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုတာ မရှိသေးပါဘူး။

#voiceofmyanmar #VOM #ဟုမ္မလင်း #ရဲအရာရှိ #ဖမ်းဆီးစစ်ဆေးခံနေရ

Related posts

Leave a Comment

VOM News

FREE
VIEW