ရှမ်းနီ သွေးစည်းညီညွှတ်ရေး(SSP)ပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ပစ်သတ်ခံရ

ဇန်နဝါရီ ၂၄ -၂၀၂၃
SP (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ၊ မိုးညှင်း​မြို့နယ်၊ နမ္မားမြို့က လက်ဘက်ရည်တဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ဒီမနက်ပိုင်းက ကိုဆန်းဝင်း လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည်သောက်နေတဲ့ ရှမ်းနီ သွေးစည်းညီညွှတ်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးတင်ညွှန့် ပစ်သတ်ခံရတာ “လို့ ရှမ်းနီ သွေးစည်းညီညွတ်ရေးပါတီဝင် တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မိုးညှင်းခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” SSP ပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်ဟောင်း ဦးတင်ညွန့်ဟာ လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံရတာဖြစ်တယ် ၊ ဦးတင်ညွန့်ဟာ ရပ်မိရပ်ဖတဦးအနေနဲ့ ၂၀၂၃ ရွေးကောက်ပွဲ ကျင်းပဖို့ လူဦးရေစာရင်း ကောက်တဲ့ နေရာမှာ ကူညီလုပ်ကိုင်ပေးနေတာရှိတယ် ၊ အဲ့ဒါကြောင့် ဖြစ်နိုင်တယ် “လို့ ပြောပါတယ်။

အသက် (၆၅) နှစ်အရွယ်ရှိ ဦးတင်ညွန့်ဟာ ရှမ်းနီလူမျိုးတဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၇) နေရာကနေ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ တုန်းက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းနီ တိုင်းရင်းသားမျိုးနွယ်စု ယဥ်ကျေးမှုနဲ့ စာပေအဖွဲ့ဝင် တချို့နဲ့ ရှမ်းနီ ဘုန်းကြီး တချို့ အသတ်ခံရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးညှင်း #SSPပါတီကိုယ်စားလှယ်ဟောင်း #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW